
ပုဂံမြို့သစ်တွင် လူငယ် ကိုမိုးမြင့်အောင်ကို အကြမ်းဖက်စစ်တပ်က ပစ်သတ်၊ အလောင်းပြန်မရသေးဘဲ ကိုယ်ဝန်ဆောင်ဇနီးသည် ကျန်ရစ် ရန်ကုန်၊ မေ ၃၀ မန္တလေးတိုင်း ပုဂံမြို့သစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက မေလ ၃၀ ရက်နေ့ နံနက်ပိုင်းက ရုံးတန်းရပ်ကွက်နှင့်မှန်ချိုရပ်ကွက်တို့ကို ဝင်ရောက်စီးနင်းပြီး လူငယ် ၆ ဦးကို အကြမ်းဖက် ဖမ်းဆီးရာတွင် ကိုမိုးမြင့်အောင်ဆိုသော လူငယ်တစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရပြီး သေဆုံးသွားကြောင်း ဒေသခံများထံမှ သိရှိရသည်။ မေလ ၃၀ ရက်နေ့ နံနက် ၀၀ နာရီ ၄၅ မိနစ်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များက ဒလန်၏ သတင်းပေးမှုဖြင့် လူငယ်များကို ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ဒေသခံများ၏ အဆိုအရ ဒလန်က လူငယ်များတွင် လက်နက်များ ရှိနေသည်ဟု သတင်းပေးသဖြင့် ဝင်ရောက်ဖမ်းဆီးခြင်းဖြစ်ကြောင်း၊ ကိုမိုးမြင့်အောင် အိမ်တံခါးပိတ်ထားသည်ကို ပစ်ခတ်၍ ဖွင့်ရာတွင် သေနတ်ကျည်ဆန်သည် ဝမ်းဗိုက်မှန်၍ ဒဏ်ရာရရှိကြောင်း၊ ယင်းဒဏ်ရာဖြင့်ပင် ကိုမိုးမြင့်အောင် ကွယ်လွန်သွားကြောင်း သိရှိရသည်။ "ကိုးလုံးက ဒလန်က သေနတ်တွေ ရှိတယ်ဆိုပြီး မဟုတ်တဲ့သတင်းတွေ ပေးတယ်လို့ သိရပါတယ်။ အဲဒါ စစ်တပ်က ဟာတွေက လူငယ်တွေကို ရိုက်နှက်ဖမ်းတယ်။ စုစုပေါင်း လူငယ် ၆ ဦး ဖမ်းတာမှာ ကိုမိုးမြင့်အောင်က ဗိုက်ကျည်ထိပြီး ဆုံးတယ်။ သူ့အမျိုးသမီးက ကိုယ်ဝန်အရင့်အမာကြီးနဲ့ ကျန်ရစ်ပါတယ်။ သူတို့တွေက ရိုးရိုးသားသား လုပ်ကိုင်စားသောက်နေတဲ့သူတွေပါ။ အခုထက်ထိတော့ အလောင်းမရသေးဘူး" ဟု ဒေသခံတစ်ဦးက ပြောသည်။ အကြမ်းဖက်စစ်တပ်၏ ဖမ်းဆီးခံရသူများတွင် မောင်ဇွဲမာန်အောင်၊ မောင်ချမ်းမြေ့၊ ဦးဇာနည် စုစုပေါင်း ၅ ဦး ဖမ်းခံထားရကာ မည်သည့်နေရာတွင် ထားရှိသည်ကို မသိရှိကြောင်း ဒေသခံများက ဆိုသည်။ လတ်တလော ပုဂံမြို့သစ် ပျူစောထီးတောင် ရုံးတန်းရပ်ကွက်ရှိ ကိုမိုးမြင့်အောင် နေအိမ်တွင် နာရေးအတွက် ပြင်ဆင်ထားပြီး အလောင်းထုတ်ခွင့်ရရှိရေး ဆက်လက်လုပ်ဆောင်နေသည်ဟု သိရှိရသည်။ Photo Credit - CJ Credit: