
ရွေးကောက်ပွဲကန့်ကွက်လွှာအမှုအရေအတွက်က ပြီးခဲ့တဲ့ နှစ်ကြိမ်ထက်များပြား ဇန်နဝါရီ-၁၇၊ ၂၀၂၁ ၂၀၂၀ရွေးကောက်ပွဲဆိုင်ရာ ကန့်ကွက်လွှာအမှုတွေက ပြီးခဲ့တဲ့၂၀၁၀၊ ၂၀၁၅အထွေထွေရွေးကောက်ပွဲတွေကထက် ပိုများတယ်လို့ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးမြင့်နိုင်က ပြောပါတယ်။ နိုင်ငံပိုင်သတင်းစာမှာ ဦးမြင့်နိုင်က မောင်စာဂအမည်နဲ့ရေးသားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေက ပြဋ္ဌာန်သည့် အပြီးသတ်ဆုံးဖြတ်ချက်များ ခေါင်းစဉ်နဲ့ ဆောင်းပါးမှာ ထည့်သွင်းပြောထားတာပါ။ ၂၀၂၀ရွေးကောက်ပွဲကျင်းပပြီးနောက် ဖြစ်ပေါ်ခဲ့တဲ့ ရွေးကောက်ပွဲဆိုင်ရာ ပြစ်မှုတွေကို သက်ဆိုင်ရာတရားရုံးတွေက စစ်ဆေးစီရင်လျက်ရှိတယ်လို့လည်း သိရပါတယ်။ ရွေးကောက်ပွဲတရားမဲ့ကျင့်မှုတွေနဲ့ ပတ်သက်လို့ လွှတ်တော်ကိုယ်စားလှယ်တွေ၊ မဲဆန္ဒရှင်တွေက လျှောက်ထားလာတဲ့ ကန့်ကွက်လွှာအမှုတွေကိုလည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် ရွေးကောက်ပွဲခုံအဖွဲ့အသီးသီးက စစ်ဆေးမှုတွေ ဆောင်ရွက်နေပြီဖြစ်တယ်လို့လည်း ဆိုထားပါတယ်။ အဲဒီ့ကန့်ကွက်လွှာအမှုတွေကို ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ သက်ဆိုင်ရာ ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေတွေနဲ့အညီ စစ်ဆေးဆုံးဖြတ်သွားနိုင်မယ်လို့ ယုံကြည်တယ်လို့လည်း ဦးမြင့်နိုင်က ရေးသားထားပါတယ်။ ဒါ့အပြင် သက်ဆိုင်သူအားလုံးကလည်း ဥပဒေရဲ့အဆုံးအဖြတ်ကို လေးစားခံယူနိုင်ကြမယ်ဆိုတာ ယုံကြည်တယ်လို့လည်း ဆိုထားပါသေးတယ်။ ၂၀၁၀ရွေးကောက်ပွဲမှာ ရွေးကောက်ပွဲကန့်ကွက်လွှာအမှု ၂၉မှု၊ ၂၀၁၅ရွေးကောက်ပွဲမှာ ၄၅မှုသာရှိခဲ့ပေမယ့် ၂၀၂၀ရွေးကောက်ပွဲမှာတော့ ကန့်ကွက်လွှာအမှုပေါင်း၂၀၀ကျော်အထိရှိနေတယ်လို့လည်း သိရပါတယ်။ ရွေးကောက်ပွဲကော်မရှင်ကတော့ ရွေးကောက်ပွဲကန့်ကွက်လွှာအမှုတွေနဲ့ပတ်သက်လို့ တစ်စုံတစ်ရာထုတ်ပြန်မှု မရှိသေးပါဘူး။ ၂၀၂၀ရွေးကောက်ပွဲ ကန့်ကွက်လွှာအမှုတွေကို အတိုက်အခံ ပြည်ခိုင်ဖြိုးက အများဆုံးတင်သွင်းထားပြီး၊ ဒီချုပ်နဲ့ SNLDတို့ကလည်း တင်သွင်းထားတာရှိပါတယ်။ ရုပ်သံသတင်းထောက်-အိမ့်မြတ်နိုးဇော် Credit: