No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ယောနယ် နှမ်းခါးနှင့်ရဲလှကျေးရွာတို့အား စစ်ကောင်စီတပ်များဝင်ကာ ပြည်သူလူထုအိမ်များအတွင်း ဝင်ရောက်ဖျက်ဆီးပြီး စားနပ်ရိက္ခာများ ယူသွား "ဆန်ဆီဆား၊ ဒန်အိုး ဒန်ခွက်နှင့် အရက်ပုလင်းဖာများ ယူသွား" ယောနယ် - ၂၀၂၁ ဇွန် ၄ (မော်ကွန်း) ယောနယ် ပြည်သူ့ခုခံရေးကာကွယ်တပ်ဖွဲ့နှင့် စစ်ကောင်စီတို့ကြား မကြာခဏ ထိတွေ့ပစ်ခတ်မှုများဖြစ်နေသည့် ဂန့်ဂေါမြို့နယ် နှမ်းခါးနှင့်ရဲလှရွာတို့အား စစ်ကောင်စီလက်အောက်ခံတပ်များ ဝင်ရောက်ကာ အိမ်အချို့အတွင်း ဝင်ရောက် ဖျက်ဆီးပြီး စားနပ်ရိက္ခာများယူဆောင်သွားသည်ဟု ဒေသခံရွာသားက မော်ကွန်းသို့ ပြောသည်။ "မနေ့က နံနက် ၈ နာရီခွဲလောက်မှာ နှမ်းခါးကို ဝင်သွားတာ အိမ်တွေကို ရိုက်ခွဲပြီး သူတို့လိုချင်တဲ့ ပစ္စည်းတွေယူသွားတယ်" ဟု နှမ်းခါးရွာသားက ပြောသည်။ စစ်ကောင်စီလက်အောက်ခံတပ်များက ကလေး - ဂန့်ဂေါ - ပုလဲလမ်း၊ နှမ်းခါးရွာ အနောက်ဘက်ခြမ်းတွင် မနေ့က ဝင်ရောက်တပ်စွဲကာ အနီးအနားရှိ အိမ်များသို့ ဝင်ရောက်ပြီး နေအိမ်တွင်း အသုံးအဆောင်ပစ္စည်းများအား ရိုက်ခွဲခြင်း၊ စုဆောင်းသိုလှောင်ထားသည့် စားနပ်ရိက္ခာများကို ယူဆောင်သွားသည်။ ဆန်အိတ်များ ၊ ဆီ ဆယ်ပိဿာပုံး ၂၄ ပုံး၊ ဒန်အိုး ဒန်ခွက်များ၊ ဈေးဆိုင်မှ အရက်ပုလင်းဖာများ ယူဆောင်သွားပြီး အိမ်များမှ မည်သည့်ပစ္စည်းများကို ထပ်မံယူဆောင်သွားသည်ကို အသေးစိတ်မသိရှိရသေးကြောင်း ရွာသားကပြောသည်။ "မနေ့ညကပဲ အဲဒီ ယူသွားတဲ့ စားစရာတွေ အရက်တွေနဲ့ အဲဘက်မှာ သူတို့သောက်စားကြတယ်လို့ ကြားရတယ်"ဟု ရွာသားကပြောသည်။ ယနေ့နံနက်ပိုင်းတွင် တပ်ချထားသည့်နေရာမှ ပြန်လည်ဆုတ်ခွာသွားပြီဖြစ်သည်။ "အဓိကက လာရှာတာ စစ်ကား သုံးစီး အင်အား တစ်ရာလောက်ပါတယ်။ နောက်ပြီး ကြံ့ခိုင်ရေးအင်အားကောင်းတဲ့ရွာတွေက လူတွေပါတယ် လိုက်ပြတာ" ဟု အဆိုပါရွာသားကပြောသည်။ အဆိုပါ လိုက်ပြသည့် အဖွဲ့အား ပျူစောထီးအဖွဲ့ဟု သူကဆိုသည်။ ရဲလှရွာတွင်လည်း ယနေ့ နံနက်ပိုင်းက စစ်ကောင်စီလက်အောက်ခံတပ်များ ဝင်ရောက်သွားပြီး မနေ့က နှမ်းခါးရွာကဲ့သို့ပင် အိမ်အတွင်းဝင်ရောက်ကာ ဖျက်ဆီးခြင်း၊ ပြည်သူများ၏ စားနပ်ရိက္ခာများအား ယူဆောင်သွားခြင်းတို့ ပြုလုပ်ခဲ့သည်။ နှစ်ဘက် ထိတွေ့တိုက်ခိုက်နေမှုများကြောင့် မေ ၂၈ ရက်ကပင် ရဲလှ၊ နှမ်းခါးအပါအဝင် အနီးတဝိုက်ရွာများက ဒေသခံများသည် နီးစပ်ရာ ရွာများ တောနီးစပ်များသို့ တိမ်းရှောင်နေခဲ့ပြီး ရွာတွင် လူငယ်များက အစောင့်အနေဖြင့်သာ ကျန်ရစ်ခဲ့သည်။ မေလ ၃၁ ရက်နေ့က ဂန့်ဂေါမြို့ မိုင်သုံးဆယ်ကျော်အကွာတွင် ယောဒေသခုခံကာကွယ်ရေးအဖွဲ့က စစ်အုပ်စုခန့် ရပ်ကျေးအုပ်ချုပ်ရေးမှူးနှစ်ဦး၊ ထွေအုပ်စာရေးတစ်ဦး၊ ကျောင်းဆရာမတစ်ဦးနှင့် သူနာပြုဆရာမတစ်ဦးတို့ စီးနင်းလာသော ကားတစ်စီးကို ပစ်ခတ်ခဲ့ပြီး အဆိုပါ ကားပေါ်ပါသူများ သေဆုံးခဲ့သည်။ ပုံစာ - မနေ့က ဝင်ရောက်ဖျက်ဆီးခံရသည့် နှမ်းခါးရွာနေအိမ်များနှင့် ထွက်ပြေးတိမ်းရှောင်နေရသည့် ပြည်သူများ ။ ဓာတ်ပုံ - CJ Credit: