No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မနက်က မတ္တရာမြို့ ကင်းရွာသို့ စစ်ကောင်စီတပ် ဝင်မွှေပြီး ဖျက်ဆီး၊ ခိုးယူ၊ ဖမ်းဆီး၊ လုယက်မှုများပြုလုပ် (လူနာတင်ယာဉ်ပါ လုသွား) မတ္တရာ၊ ဇွန် ၉ News Ambassador ယနေ့ မနက်အစောပိုင်း ၁ နာရီခန့်တွင် စစ်ကောင်စီတပ်သည် ကားလေးစီးဖြင့် မတ္တရာမြို့နယ် တောင်ကန်အုပ်စု ကင်းကျေးရွာအတွင်းသို့ ဝင်ရောက်ခဲ့ပြီး ကျေးရွာသူ/သားများ၏ နေအိမ်မှ ပစ္စည်း၊ ငွေကြေး၊ မော်တော်ယာဉ်သာမက ပရဟိတလူနာတင်ယာဉ်ကိုပါ လုယက်ယူဆောင်သွားခဲ့ကြောင်း ဒေသရှိ သတင်းရင်းမြစ်များက သတင်းပေးပို့လာခဲ့သည်။ စစ်ကောင်စီတပ်သည် ငွေကြေးချမ်းသာသော အိမ်များ ဈေးဆိုင်များအား ဝင်ရောက်ရိုက်ချိုးပြီး ငွေကြေး နှင့် တန်ဖိုးရှိပစ္စည်းများ၊ အသုံံးအဆောင်ပစ္စည်းများ၊ စားစရာများ၊ နို့ဆီဗူး၊ နို့စိမ်းဗူး၊ အချိုရည်ဘူးပါမကျန် အဓမ္မလုယက်ယူဆောင်သွားခဲ့ကြောင်း သတင်းရင်းမြစ်က News Ambassador သို့ပြောသည်။ "ရွာအရှေ့ပိုင်းမှာရှိတဲ့ ဈေးဆိုင်အိမ်ကနေ ကားနဲ့ဆိုင်ကယ်၊ ပြီးတော့ ဈေးအံဆွဲဖွင့်ပြီး ဖုန်းဘေလ်ကဒ်နဲ့ ​ဈေးရောင်းရငွေအားလုံး လုသွားတယ်။ ရွာအလယ် ဆန်စက်အိမ်ကနေပြီး ကားတစ်စီး လုသွားတယ်။ ရွာအနောက်ပိုင်းက အိမ်တစ်အိမ်ကိုလည်း တံခါးတွေရိုက်ချိုးသွားပြီး ပိုက်ဆံသုံးသိန်းခွဲ လုသွားတယ်" ဟု ၎င်းက ပြောသည်။ ယင်းအပြင် ​ကျေးရွာသားများ၏ ရွှေကင်း ပရဟိတအသင်းမှ လူနာတင်ယာဉ်တစ်စီးကိုပါ လုယက်ယူဆောင်သွားကြောင်း ၎င်းက ဆက်ပြောသည်။ ရွာ၏ ရပ်မိရပ်ဖသုံးဦးကိုလည်း ဖမ်းဆီးခေါ်ဆောင်သွားပြီး မနက် ၃ နာရီခန့်တွင် ပြန်လည်ထွက်ခွာသွားကြောင်း ၎င်းကဆိုသည်။ စစ်ကောင်စီတပ်သည် အပြန်လမ်းတွင် မတ္တရာမြို့နယ် လမိုင်းအုပ်စု ကျောက်တံတားကျေးရွာသို့ပါ ဝင်ရောက်ပြီး NLDပါတီ ရပ်ကျေးအဖွဲ့ဝင် ဦးချိန်ထွန်းကို ဖမ်းဆီးခေါ်ဆောင်သွားခဲ့သည်ဟု ၎င်း ကသတင်းပေးပို့လာခဲ့သည်။ ကင်းကျေးရွာတွင် ပြီးခဲ့သည့် လအတွင်းကလည်း ရွာရှိ စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးက ၎င်းပိုင် စပါးကျီနှင့်မီးစက် မီးလောင်သည့်ကိစ္စအတွက် ရွာသို့ စစ်ကောင်စီတပ်ကို ခေါ်ယူပြီး သောင်းကျန်းခိုင်းသည့်ကိစ္စ ဖြစ်ပွားထားသေးသည်။ Photo-CJ(ပေးပို့) Credit: