
စစ်ကိုင်းတိုင်းဒေသကြီး၊ အရာတော်မြို့နယ်၊ မလဲသာကျေးရွာအုပ်စုအတွင်းကို စစ်ကောင်စီတပ်တွေဟာ ဇွန်လ (၄)ရက်နေ့ ညနေ (၃) နာရီဝန်းကျင်မှာ အင်အား(၁၀၀) ခန့်နဲ့ဝင်ရောက်လာခဲ့ကာ သေနတ်များအဆက်မပြတ်ပစ်ဖောက်ပြီး ရေထွက်ကြီးကုန်း ဘုရားဝင်းအတွင်း တပ်စွဲထားတယ်လို့ ဒေသခံရွာသားတစ်ဦးကပြောပါတယ်။ စစ်ကောင်စီတပ်တွေ ရွာထဲကိုဝင်ရောက်လာရင်း ရေထွက်ကြီးတောစပ်မှာ ဒေသခံရွာသား(၅) ဦးကိုဖမ်းဆီးထားကာ ညနေ (၄) နာရီဝန်းကျင်မှာတော့ မလဲသာရွာထဲကို ဆက်လက်ချီတက်လာပြီး ရွာမြောက်ဘက်ဘုန်းကြီးကျောင်း၀င်းအတွင်းမှာ တပ်စွဲထား တယ်လို့ဆိုပါတယ်။ ဒေသခံရွာသားတွေအနေနဲ့ အခုချိန်အထိပြန်လည်ခုခံပစ်ခတ်ခြင်း မရှိသေးပဲ ဘေးကင်းလုံခြုံနိုင်တဲ့နေရာကို တိမ်းရှောင်နေ တယ်လို့ဆိုပါတယ်။ စစ်ကောင်စီတပ်တွေအနေနဲ့ ရွာသားတွေလက်နက်တွေအပ်ဖို့ မအပ်ရင်ရွာက ထွက်သွားမှာမဟုတ်ကြောင်း မလဲသာရွာဘုန်းတော်ကြီးကျောင်းဆရာတော်ကို ပြောကြားတယ်လို့သိရပြီး စစ်ကောင်စီတပ်တွေရဲ့တောင်းဆိုချက်ကို လိုက်လျောပေး မှာမဟုတ်ပဲ အတိုင်းတာတခုထက်လွန်လာရင် ပြန်လည်ခုခံတိုက်ထုတ်သွားမှာဖြစ်တယ်လို့ ဒေသခံ PDF အဖွဲ့ဝင်တစ်ဦးကပြောပါတယ်။ မလဲသာအုပ်စုမှာ ကန်ရင်း၊ ညောင်ပင်၊ မလဲသာ ကျေးရွာ(၃)ရွာရှိနေပြီး အိမ်ထောင်စုပေါင်း (၂၀၀၀) ဝန်းကျင်နဲ့ လူဦးရေ (၈၀၀၀)ခန့်ရှိနေတာပါ၊ လက်ရှိမှာ ကလေး၊လူငယ်၊လူကြီးမကျန် ရွာလုံးကျွတ်ထွက်ပြေးတိမ်းရှောင်နေကြရတာလဲဖြစ်ပါတယ်။ ဘီဘီစီမြန်မာပိုင်း