
သံဃာ နှင့် အလှူရှင် ၈ ဦး၊ လေယာဉ်အမှုထမ်း ၆ ဦး လိုက်ပါလာသည့် လေယာဉ် ပျက်ကျ၊ ပျံလွန်တော်မူခဲ့သည့် စျေးကုန်းဆရာတော်ကြီး ၏ ရုပ်ကလာပ်တော်ကို ကျောင်းသို့ ပြန်သယ်မည် ================================================================================ သံဃာ နှင့် အလှူရှင် ၈ ဦး၊ လေယာဉ်အမှုထမ်း ၆ ဦး လိုက်ပါလာသည့် တပ်မတော် လေယာဉ်သည် ယနေ့ နံနက်ပိုင်းက ပျက်ကျခဲ့ပြီးနောက် အဆိုပါ လေယာဉ် ပျက်ကျရာတွင် ပါဝင်ပြီး ပျံလွန်တော်မူခဲ့သည့် နိုင်ငံတော် သြဝါဒစရိယ စျေးကုန်းဆရာတော်ကြီး ၏ ရုပ်ကလာပ်တော်ကို ကျောင်းသို့ ပြန်သယ်မည် ဖြစ်ကြောင်း ဆရာတော်ကြီး ၏ တပည့်များထံက သိရသည်။ မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့နယ်၊ သုံးတောင်ကျေးရွာအုပ်စု၊ ကျောက်ဖျာဒိုး ကျေးရွာတွင် ဆောက်လုပ်မည့် မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိစာသင်တိုက်ကြီး ပန္နက်တော်တင်မင်္ဂလာအခမ်းအနား ကျင်းပပြုလုပ်ရန်အတွက် ဈေးကုန်းဆရာတော် ဒေါက်တာဘဒ္ဒန္တကဝိသာရအပါအဝင် သံဃာနှင့် အလှူရှင် ၈ ဦးနှင့် အတူ လေယာဉ်အမှုထမ်း ၆ ဦးလိုက် ပါလာသည့် တပ်မတော်လေယာဉ်သည် ယနေ့ ဇွန်လ ၁၀ ရက် နံနက် ၇ နာရီခန့်တွင် နေပြည်တော် လေဆိပ်မှ အနီးစခန်းလေဆိပ် (ပြင်ဦးလွင်) သို့ ထွက်ခွာလာရာ ၈ နာရီခန့်တွင် အနီးစခန်းလေဆိပ်သို့ ဆင်းသက်စဉ် လေဆိပ်အနီး ပြင်ဦးလွင် သံမဏိစက်ရုံ၏ အရှေ့တောင်ဘက် မီတာ ၄ဝဝ ခန့်အကွာ ခန့်မှန်းမြေပုံညွှန်း(ကေအီး-၃၃၄၃၃၂) အရောက်တွင် ဆက်သွယ်မှု ပြတ်တောက်ပျက်ကျခဲ့ခြင်း ဖြစ်သည်။ "ဆရာတော်ကြီးကိုတော့ ကျောင်းကို ပြန်သယ်မှာပါ။ ဟုတ်ပါတယ်။ ပျဉ်းမနား မှာ ရှိတဲ့ စျေးကုန်းကျောင်းတိုက်ကို ပြန်သယ်မှာပါ။ ရာသီဥတု ဆိုးဝါးတဲ့ အတွက် ပျက်ကျသွားတာ ဖြစ်ပါတယ်" ဟု ဆရာတော်ကြီး ၏ တပည့်တစ်ဦးက ပြည်မြန်မာ ကို ရှင်းပြသည်။ လေယာဉ် ပျံကျခြင်း နှင့် ပတ်သက်၍ ကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ခဲ့ရာ မောင်ပိုင်ဘုန်းပြည့်နှင့် တပ်ကြပ်ကြီး ကောင်းစံဝင်း(ဦးခေါင်းထိခိုက်ဒဏ်ရာရရှိ)တို့ ၂ ဦးအား ကယ်ဆယ်နိုင်ခဲ့ပြီး ပြင်ဦးလွင်မြို့ရှိ တပ်မတော် ဆေးရုံသို့ ပို့ဆောင်ဆေးဝါးကုသပေးလျက်ရှိကြောင်းလည်း သိရသည်။ အဆိုပါ လေယာဉ် ပျက်ကျမှု က ကွယ်လွန်ခဲ့သူများထဲတွင် မဟာဝိသုတာရာမဈေးကုန်း ပရိယတ္တိစာသင်တိုက် အလှူရှင် မ်ိသားစုလည်း သုံးဦးလည်း ပါဝင်ပြီး သားအငယ်ဆုံး ဖြစ်သူ မောင်ပိုင်ဘုန်းပြည့် မှာ ဒဏ်ရာရခဲ့ခြင်း ဖြစ်သည်။ HAP ဓာတ်ပုံ - CJ Credit: