ကွတ်ခိုင်မြို့အနီး လက်နက်ကြီးပစ်ခတ်မှုကြောင့် ကာလိုင် စစ်ရှောင်ပြည်သူတွေ စိုးရိမ်ကြောက်လန့်နေကြ ရှမ်းပြည်နယ် မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ ကာလိုင်ကျေးရွာအတွင်းမှာ အခြေချ လှုပ်ရှားနေတဲ့ TNLAတပ်ဖွဲ့ဝင်တွေဟာ တိုက်ပွဲဖြစ်ပွားတာမရှိပေမယ့် ဒီကနေ့ မနက်ပိုင်းက လက်နက်ကြီးတွေနဲ့ပတ်ခတ်တာတွေရှိခဲ့တယ်လို့ ကာလိုင် ဒေသခံတွေကပြောပါတယ်။ လက်နက်ကြီး ပစ်ခတ်တဲ့တပ်ဖွဲ့ဟာ ကာလိုင်ရွာအတွင်း တပ်စွဲထားတဲ့ TNLAတပ်ဖွဲ့ပါလို့ ကာလိုင်ရွာခံတွေအတည်ပြု ပြောကြားတာရှိပါတယ်။ ဒေသခံသတင်းသမားတချို့က TNLA ကိုဆက်သွယ်မေးမြန်းရာမှာတော့ လက်နက်တချို့ စမ်းသပ်ပစ်ခတ်တာဖြစ်တဲ့အကြောင်း ပြန်လည်ဖြေကြားတယ်လို့ဆိုပါတယ်။ လက်နက်ကြီးသံတွေကြောင့် ကာလိုင်ရွာအနီးတစ်ဝိုက်က တိုက်ပွဲရှောင်ပြည်သူတွေလည် စိုးရိမ်ကြောက်လန့်နေကြရတယ်လို့ တိုက်ပွဲရှောင်စခန်းက ပြည်သူတွေ ပြောနေကြပါတယ်။ “တိုက်ပွဲ မဖြစ်ဘဲနဲ့ လက်နက်ကြီးဘာကြောင့်ပစ်တယ်၊ ဘယ်ကိုပစ်လဲ သေချာမသိရဘူး၊ သူတို့အဲဒီလိုတွေ ပစ်တော့ ကွတ်ခိုင် အမြောက်တပ်ကနေ ပြန်ပစ်လာမှာ ကြောက်ရတယ်၊ ကာလိုင်အနီးတစ်ဝိုက်မှာက ကချင်၊ တအာန်း(ပလောင်)နဲ့ လီဆူတိုက်ပွဲရှောင်တွေရှိတယ်၊ အဓိကက သက်ကြီးရွယ်အိုတွေ၊ ကလေးသူငယ်တွေနဲ့ ကိုယ်ဝန်ဆောင်မိခင်တွေက ပိုကြောက်တော့ သူတို့တွေအတွက် ပိုပြီးစိုးရိမ်မိတယ်”လို့ ဇွပ်အောင်တိုက်ပွဲရှောင်စခန်းက အမျိုးသားတစ်ဦး ပြောပါတယ်။ လက်ရှိ ကာလိုင်ရွာအနီးနဲ့ ရွာတွင်းမှာ TNLAတပ်ဖွဲ့တွေ တပ်စွဲအခြေချတာဟာ ၂လနီးပါးရှိပြီး တစ်ပတ်အတွင်း လက်နက်ငယ်နဲ့ ၃ ကြိမ်ထက်မနည်း ပစ်ခတ်တာတွေလည်း ရှိတယ်လို့ ဒေသခံတွေကပြောပါတယ်။ ဘီဘီစီမြန်မာပိုင်း ဓါတ်ပုံ- မိုင်းဘဉာဏ်(ကွတ်ခိုင်) ပုံစာ- ကာလိုင်တိုက်ပွဲရှောင်ပြည်သူဆီကွတ်ခိုင်လူငယ်တွေ စားသောက်ကုန် သွားရောက်ထောက်ပံ့စဉ် Credit:
