မြေပြင်သပိတ်တွေ၊ လှုပ်ရှားမှုတွေ အရှိန်မြှင်ဖို့ကြိုးစားနေတယ်လို့တော်လှန်ရေးအင်အားစုတွေပြော ရန်ကုန်၊ မန္တလေးအပါအဝင်မြို့ကြီးတွေမှာ စစ်ကောင်စီဘက်က စစ်ဆေးမှုတွေ၊ ဖမ်းဆီးတင်းကျပ်မှုတွေဆက်လုပ်နေတဲ့ကြားက မြေပြင်သပိတ်လှုပ်ရှားသူတွေကတော့ သပိတ်စစ်ကြောင်းတွေ အားလျော့မသွားအောင် ဆက်လုပ်မှာဖြစ်တယ်လို့ သပိတ်စစ်ကြောင်းဦးဆောင်သူတွေကပြောပါတယ်။ ဒီလိုသပိတ်စစ်ကြောင်းတွေအပြင် လူစည်ကားတဲ့ ကားမှတ်တိုင်တွေ၊ မြို့လယ်လမ်းမတွေမှာ စစ်အာဏာရှင် ဆန့်ကျင်ရေးစာသားတွေပါဝင်တဲ့ဆိုင်းဘုတ်တွေ၊ တော်လှန်ရေးနှိုးဆော်စာတွေကိုလည်း ပြည်သူတွေမြင်သာအောင် ကပ်ပြီး လူထုရဲ့စိတ်ဓာတ်ရေးရာကိုမြှင့်တင်ဖို့လုပ်ဆောင်နေတယ်လို့တော်လှန်ရေးအင်အားစုတွေကဆိုပါတယ်။ " လက်ရှိတော်လှန်ရေးအနေအထားအရ လူထုအုံကြွမှုတရပ်လိုအပ်နေတယ်။ လူထုအရေးတော်ပုံတော်ပုံပေါ်ပေါက်လာရေးအတွက် ငြိမ်းချမ်းစွာဆန္ဒပြနေတဲ့ မြေပြင်သပိတ်တွေကို အရှိန်မြှင့်တဲ့သဘောပါ။ စာရွက်တွေဝေ၊ ဆိုင်းဘုတ်တွေကိုင်၊ စာတန်းတွေ ချိတ်တော့ လူထုအနေနဲ့အနည်းအများဆိုသလို စိတ်ဓာတ်ရေးရာအားကောင်းလာမယ့်လို့ ယူဆလို့လုပ်တာပါ" လို့ မန္တလေးသပိတ်အင်အားစု ဦးဆောင်သူတစ်ဦးက ဘီဘီစီကိုပြောပါတယ်။ ဒီရက်ပိုင်းတွေမှာလည်း မြို့ကြီးတွေမှာ စစ်ဆေးတင်းကျပ်မှုတွေကြားကပဲလမ်းမတွေနဲ့ဈေးဝယ်စင်တာတွေပေါ်မှာ ပြောက်ကျားသပိတ်ထွက်တာ၊ ကားမှတ်တိုင်တွေမှာ အာဏာရှင်တော်လှန်ရေး ဆိုင်းဘုတ်တွေချိတ်တာ ခပ်စိပ်စိပ်လုပ်လာပြီး စစ်ကောင်စီဘက်ကတော့ နာရီပိုင်းအတွင်းမှာပဲ ဆိုင်းဘုတ်တွေကို လိုက်လံဖြုတ်သိမ်းနေပါတယ်။ ဒီကနေ့စက်တင်ဘာ ၁၈ရက်နေ့မနက်ပိုင်းမှာလည်း မန္တလေးလူငယ်သပိတ်အင်အားစုတွေကမန္တလေးမြို့ထဲက သိပ္ပံလမ်းမကြီးပေါ်က ယာဉ်ထိန်းရုံးအနီးမှာ " သွေးအေးသွားရင် ကိုယ့်ကိုယ်ကို ခွင့်မလွှတ်ကြေး " ဆိုတဲ့ စာသားပါတဲ့စာတန်းကိုချိတ်ဆွဲပြီး စစ်အာဏာရှင်ဆန့်ကျင်ရေးစာရွက်တွေဖြန့်ဝေခဲ့ပါတယ်။ ဘီဘီစီမြန်မာပိုင်း ဓါတ်ပုံ- CJ ပုံစာ- မန္တလေးမြို့သိပ္ပံလမ်းမပေါ်က စစ်အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတစ်ခု ဒီသတင်းနဲ့အတူ ဘီဘီစီသတင်းများတိုက်ရိုက်တင်ဆက်မှု https://www.bbc.com/burmese/live/burma-58396049 Credit:
