
မျိုးဗီဇပြောင်း ကိုဗစ်ဗိုင်းရပ်စ် နိုင်ငံအတွင်းဝင်ရောက်လာမှုမရှိစေရန် ထိုင်းပြည်တော်ပြန်များအား နယ်စပ်၌ပင်ကွာရတင်း ၁၄ ရက် ထားရှိစောင့်ကြည့် စစ်ဆေးနေဟုဆို =========================================================== ကိုဗစ် ၁၉ ကူးစက်မြန်ရောဂါ မျိုးဗီဇပြောင်း ဗိုင်းရပ်စ် မြန်မာနိုင်ငံအတွင်း ကူးစက်ဝင်ရောက်မှု မရှိစေ ရန် ထိုင်းနိုင်ငံမှတစ်ဆင့် ပြန်လည်ဝင်ရောက်လာသူများအား နယ်စပ်၌ပင်ကွာရတင်း ၁၄ ရက် ထားရှိ စောင့်ကြည့် စစ်ဆေးနေကြောင်း မြဝတီခရိုင် အုပ်ချုပ်ရေးမှူး ဦးတေဇာအောင်က ယနေ့(ဇန်နဝါရီလ ၂၀ ရက်)တွင်ပြည်မြန်မာကိုပြောသည်။ ယခင်က ထိုင်းနိုင်ငံ မဲဆောက်မြို့မှ တစ်ဆင့် မြန်မာနိုင်ငံ မြဝတီမြို့ဘက်သို့ ပြည်တော်ပြန်များ ပြန် လည်ဝင်ရောက်ရာတွင် သက်ဆိုင်ရာ တိုင်းဒေသကြီးနှင့် ပြည်နယ်များအတွင်းသို့ မော်တော်ယာဉ်များ ဖြင့် ပြန်လည်ပို့ဆောင်ခဲ့ပြီး ၎င်းတို့ နေရပ်ဖြစ်သော တိုင်းနှင့် ပြည်နယ်များအတွင်းသို့ ရောက်ရှိမှသာ စစ်ဆေးမှု များ ဆောင်ရွက်၍ ကွာရတင်းထား ရှိ ခဲ့ကြောင်း ၊ ယခုအခါ မျိုးဗီဇပြောင်းဗိုင်းရပ်စ် သတင်း ကြောင့်နယ်စပ်၌ပင် တစ်ဦးချင်းစီ စစ်ဆေးပြီး ကွာရတင်း ၁၄ ရက် ထားရှိစောင့်ကြည့် ခြင်းများပြုလုပ် နေခြင်းဖြစ်ကြောင်း သိရသည်။ မနေ့ကအထိတော့ ပိုးတွေ့လူနာမရှိသေးပါဘူး။ ဇန်နဝါရီ ၁၆ ရက်က စပြီးဝင်ရောက်လာသူတွေကို စစ်ဆေးပြီးတာနဲ့ အရင်ဖွင့်လှစ်ထားတဲ့ ကွာရတင်းစင်တာတွေမှာ မထားဘဲ သီးသန့်ကွာရတင်းစင်တာ တစ်ခုဖွင့်ပြီးထားပါတယ်။ ဘာ့ကြောင့်လည်းဆိုတော့ မျိုးဗီဇပြောင်းဗိုင်းရပ်ပိုးတွေ သူများနိုင်ငံမှာ တွေ့ ရှိလာ တယ်လို့ ကြားရတဲ့အတွက် ကျန်းမာရေးဦးစီးဋ္ဌာနကသူတွေ တစ်ဦးချင်းစစ်ဆေး ဆောင်ရွက်ပြီး ထားတဲ့သဘောပါ။ သူကို ထပ်စောင့်ကြည့်တဲ့ သဘောပါ။ ထူးခြားမှုတွေ့ရင်တော့ ချက်ချင်း ကုသ ဆောင်ရွက်နိုင်အောင်စီစဉ်ထားပါတယ်ဟု ၎င်းက ဆိုသည်။ ယခုအခါ ယူကေနှင့် တောင်အာဖရိကတို့တွင် မျိုးဗီဇပြောင်းဗိုင်းရပ်စ်များ ဖြစ်ပေါ်ခဲ့ပြီး အနောက်နိုင်ငံ အချို့သို့ ကူးစက်ပြန့်ပွားလာသည့်အတွက် မြန်မာနိုင်ငံအတွင်းသို့ ဝင် ရောက်မှုမရှိစေရန် ထိုင်းနိုင်ငံ ဘက်မှ ပြန်လည်ဝင်ရောက်လာသူများအား တစ်ဦးချင်း အာခေါင်းတို့ဖတ် နှာခေါင်းတို့ဖတ်များ ရယူ စစ်ဆေးဆောင်ရွက်နေခြင်းဖြစ်ကြောင်း သိရသည်။ မင်းရန်နောင် ဓာတ်ပုံ - အလုပ်သမား သံအရာရှိရုံး ပုံစာ- ဇန်နဝါရီလ ၁၉ ရက်က ထိုင်းနိုင်ငံဘက်မှ ပြန်လည်ဝင်ရောက်လာသော ပြည်တော်ပြန်မြန်မာနိုင်ငံသားများအားတွေ့ရစဉ်