
အိန္ဒိယ ကာကွယ်ဆေး လုပ်ငန်းစုကြီး Serum Instituteမှာ မီးလောင်မှုကြောင့် လူ ၅ ဦးသေဆုံး ဇန်နဝါရီ-၂၁၊ ၂၀၂၁ ကမ္ဘာပေါ်မှာ အကြီးမားဆုံး ကာကွယ်ဆေး ထုတ်လုပ်မှု လုပ်ငန်းစုကြီးရဲ့ စက်ရုံဝင်းထဲမှာ မီးလောင်မှု တစ်ခုကြောင့် လူ ၅ ဦးထက်မနည်း သေဆုံးခဲ့ပါတယ်။ အိန္ဒိယနိုင်ငံက Serum Instituteဟာ ကာကွယ်ဆေးတွေ ထုတ်လုပ်နိုင်မှု အရေအတွက်အရ ကမ္ဘာ့အကြီးကျယ်ဆုံး ကာကွယ်ဆေး ထုတ်လုပ်မှု လုပ်ငန်းစုကြီးအဖြစ် သတ်မှတ် ခံထားရပါတယ်။ ဇန်နဝါရီ ၂၁ ရက်ကတော့ ပူနေးမြို့က Serum Instituteပိုင် ဆေးဝါးထုတ်လုပ်ရေး စက်ရုံဝင်းထဲမှာ မီးလောင်မှု ဖြစ်ခဲ့တာပါ။ မီးလောင်မှုအတွင်း လူ ၅ ဦး သေဆုံးကြောင်း ပူနေး မြို့တော်ဝန် မူလင်ဒါဟာ မိုဟိုးလ်က ပြောကြားခဲ့ပါတယ်။ ကယ်ဆယ်ရေး အဖွဲ့တွေဟာ အတော်လေး ဆိုးဆိုးရွားရွား လောင်ကျွမ်းခံထားရတဲ့ အဆောက်အအုံထဲမှာ မီးကျွမ်းနေတဲ့ အလောင်း ၅ ခုကို တွေ့ရှိခဲ့ပါတယ်။ Serum Instituteက အခုဖြစ်ရပ်ကြောင့် Covid-19 ကာကွယ်ဆေးတွေ ထုတ်လုပ်နေမှု လုပ်ငန်းစဉ်အပေါ် မထိခိုက်နိုင်ကြောင်း ကြေညာထားပါတယ်။ Serum Instituteဟာ ဗြိတိန် ကုမ္ပဏီ AstraZenecaက တီထွင်ထားတဲ့ ကာကွယ်ဆေးကို လိုင်စင်ယူပြီး အိန္ဒိယမှာ ပြန်လည် ထုတ်လုပ်ပေးနေတာပါ။ အခုမီးလောင်တဲ့ နေရာဟာ စက်ရုံဝင်းထဲမှာ တိုးချဲ့ တည်ဆောက်နေဆဲ အဆောက်အအုံသစ် တစ်ခုလို့ ဆိုပါတယ်။ ကွယ်လွန်သူတွေ အားလုံးရဲ့ မိသားစုတွေနဲ့ထပ်တူ Serum Instituteက ဝမ်းနည်း ကြေကွဲမိကြောင်း ကုမ္ပဏီရဲ့ အမှုဆောင်ချုပ် အာဒါ ပူနာဝါလာက Twitterမှာ ရေးသားထားပါတယ်။ ဒါပေမဲ့ မီးလောင်မှုနဲ့ ပတ်သက်တဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မထုတ်ပြန်ခဲ့ပါဘူး။ Serum Instituteဟာ ဗြိတိန်ထုတ် ကာကွယ်ဆေးကို Covishieldဆိုတဲ့ နာမည်နဲ့ ပြည်တွင်းမှာ ပြန်လည် ထုတ်လုပ်နေတာပါ။ Covishieldဟာ မြန်မာ အပါအဝင် အိမ်နီးချင်း နိုင်ငံတွေဆီ ကူညီ ပေးပို့သွားမယ့် အိန္ဒိယထုတ် ကာကွယ်ဆေး နှစ်မျိုးမှာ အပါအဝင် ဖြစ်ပါတယ်။ Serum Instituteဟာ ကာကွယ်ဆေးတွေကို အရည်အသွေးမြင့်မြင့်နဲ့ စျေးသက်သက်သာသာ ထုတ်လုပ်နိုင်ခြင်းကြောင့် နာမည်ကောင်း ရထားတဲ့ ကုမ္ပဏီကြီး တစ်ခုဖြစ်ပြီး ဖွံ့ဖြိုးဆဲ နိုင်ငံတွေရဲ့ ကာကွယ်ဆေး မျှော်လင့်ချက်ကို ဖြည့်ဆည်းပေးဖို့ အရေးကြီးတဲ့ အခန်းကဏ္ဍကနေ ဦးဆောင်လာမယ်လို့ နိုင်ငံတကာ ကျန်းမာရေး ပညာရှင်တွေက သုံးသပ်ထားပါတယ်။ Serum Instituteဟာ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ကျောထောက်နောက်ခံ ပြုထားတဲ့ နိုင်ငံတကာ ကာကွယ်ဆေး ဖြန့်ဝေရေး ပရောဂျက်ဖြစ်တဲ့ Covaxကိုလည်း ကာကွယ်ဆေး အလုံးရေ သန်း ၂၀၀ လောက် ထောက်ပံ့ ကူညီသွားမှာ ဖြစ်ပါတယ်။ ဓာတ်ပုံ - EPA/ EFE Crd