
၂၀၂၀ ပြည့်နှစ်အတွင်း သစ်မျိုးစုံနှင့်တရားမဝင်ငါးဖမ်းလှေ၊ မှောင်ခိုလှေများ ခန့်မှန်းငွေကျပ် ၁၁ ဘီလီယံ ကျော်တန်ဖိုးကို တပ်မတော်က ဖမ်းဆီးခဲ့ =================================================== တပ်မတော်က ၂၀၂၀ ပြည့်နှစ်အတွင်း ခန့်မှန်းငွေကျပ် ၁၁ ဘီလီယံ ကျော်တန်ဖိုးရှိ ကျွန်းသစ်များအပါအဝင် သစ်မျိုးစုံတန်ချိန် ၉၉၀၀ ကျော်၊ ယာဉ်၊ ယန္တရား ၁၈၂ စီးနှင့် ဆက်စပ်ပစ္စည်းများကို ဖော်ထုတ်ဖမ်းဆီးနိုင်ခဲ့ ကြောင်း တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က သတင်းထုတ်ပြန်ထား သည်။ ၂၀၂၀ ပြည့်နှစ်၊ အောက်တိုဘာလ ၁၇ ရက်မှ ဒီဇင်ဘာလ ၂၃ ရက်ထိ ရခိုင်ပြည်နယ်၊ တောင်ကုတ်မြို့နယ်၊အ နောက်ဘက် ပင်လယ်ပြင်နှင့် ဆက်စပ်မြစ်ချောင်း များအတွင်းရှိနေရာများမှ ရတနာတန်းဝင်ကျွန်းသစ် ၃၆၀ တန်အပါအဝင် ပိတောက်၊ ကညင်နှင့် အခြားသစ်များ စုစုပေါင်း ၃၆၂၉ ဒသမ ၄၅ တန်ခန့်(ခန့်မှန်းတန်ဖိုး ငွေ ကျပ် ၇ ဒသမ ၈ ဘီလီယံခန့်)နှင့် အလျား ၂၀၀ ပေအထက်ရှိ သင်္ဘောကြီးတစ်စီးအပါအဝင် သင်္ဘော၊ စက်လှေ ၁၂ စီး၊ လူ ၆၁ ဦး တို့ကိုဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာသို့ လွှဲပြောင်းအပ်နှံ နိုင်ခဲ့ကြောင်း ယင်းထုတ် ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းအပြင် ကချင်ပြည်နယ်အတွင်း၌ ကျွန်းသစ်တန်ချိန် ၂၈၂ တန်ကျော်အပါအဝင် အခြား သစ်မျိုးစုံ စုစုပေါင်း တန်ချိန် ၁၅၀၀ ကျော်၊ ယာဉ်ယန္တရား ၄၈ စီးနှင့် ဆက်စပ်ပစ္စည်း များကိုလည်းကောင်း၊ ရှမ်းပြည်နယ် အတွင်း၌ ကျွန်းသစ်တန်ချိန် ၁၂၀၀ ကျော်အပါအဝင် အခြားသစ်မျိုးစုံ စုစုပေါင်း တန်ချိန်၂၁၀၀ ကျော်၊ ယာဉ် ယန္တရား ၈၄ စီးနှင့် ဆက်စပ်ပစ္စည်း များကိုလည်းကောင်း၊ အခြားတိုင်းဒေသကြီးနှင့် ပြည်နယ်အသီးသီး၌ ကျွန်းသစ်တန်ချိန် ၁၂၀ ကျော်အပါအဝင် အခြားသစ်မျိုးစုံ စုစုပေါင်း တန်ချိန်၂၅၀၀ ကျော်၊ ယာဉ်ယန္တရား ၃၉ စီးနှင့် ဆက်စပ် ပစ္စည်းများကိုလည်းကောင်း ဖော်ထုတ်ဖမ်းဆီးရမိခဲ့ပြီး သက်ဆိုင်ရာသို့ လွှဲပြောင်း အပ်နှံပေးနိုင် ခဲ့ကြောင်းသိရ သည်။ မြန်မာ့ကမ်းရိုးတန်းမှာ အရှည်စုစုပေါင်း ရေမိုင် ၁၂၆၀ ဒသမ ၅၆ မိုင်၊ ပိုင်နက်ရေပြင်ဧရိယာစတုရန်းမိုင် တစ်သိန်းလေးသောင်းကျော် အထိကျယ်ဝန်း ရှည်လျားကာ ဘင်္ဂလားပင်လယ်အော်၊ ကပ္ပလီပင်လယ်အော် တို့နှင့် ထိစပ်လျက်ရှိပြီး စီးပွားရေး အချက်အခြာ ကျသည့် ပင်လယ်ရေလမ်းကြောင်းပိုင်နက်တစ်ခုဖြစ် သည့် အတွက် ကျယ်ဝန်းရှည်လျားသည့် မြန်မာ့ရေပိုင်နက်အတွင်း တရားမဝင် ဝင်ရောက်သွားလာမှုများ မရှိစေရေး၊ အဖိုးတန်ရေအောက် သယံဇာတများကို တရားမဝင်ခိုးထုတ်ခြင်းများ မရှိ စေရေးနှင့် ပင်လယ်ပြင်လုံခြုံရေးတို့ အတွက် မြန်မာ့တပ်မတော်(ရေ)က ရေနဂါးစစ်ဆင်ရေးနှင့် မြစ်ဧရာစစ်ဆင်ရေးတို့ဖြင့် နေ့ညမပြတ် လုံခြုံရေး လုပ်ငန်းများကို ဆောင်ရွက်ပေးလျက်ရှိကြောင်းလည်း သိရသည်။ ယင်းသို့ ဆောင်ရွက်လျက်ရှိရာ ၂၀၂၀ ပြည့်နှစ်အတွင်း မွန်ပြည်နယ်နှင့် ထိစပ်လျက်ရှိသည့် ရေပိုင်နက်အတွင်း ၌ တရားမဝင် သယံဇာတထုတ်ယူလျက်ရှိသော တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေ ၆ စီးနှင့် မှောင်ခိုလုပ် ကိုင်သူ ၃၀ ဦးကိုလည်းကောင်း၊ တနင်္သာရီတိုင်း ဒေသကြီးနှင့် ထိစပ်လျက်ရှိသည့် ရေပိုင်နက်အတွင်း၌ တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေ ၆၈ စီးနှင့် မှောင်ခိုလုပ်ကိုင်သူ ၄၃၄ ဦးကိုလည်းကောင်း ဖော်ထုတ် ဖမ်းဆီး နိုင်ခဲ့ပြီး စုစုပေါင်း တရားမဝင်ငါးဖမ်းလှေနှင့် မှောင်ခိုလှေ လှေ ၇၄ စီး၊ မှောင်ခိုလုပ်ကိုင်သူ ၄၆၄ ဦးတို့ကို ဆက်စပ်ပစ္စည်းများနှင့်အတူ လိုအပ်သလို အရေးယူဆောင်ရွက်နိုင်ရေး သက်ဆိုင်ရာသို့ လွှဲပြောင်း အပ်နှံပေးနိုင်ခဲ့ကြောင်း သိရသည်။ ကောင်းမြတ်ရာ ဓာတ်ပုံ-တပ်မတော် Crd