
ဦးဝီရသူရုံးထုတ်စစ်ဆေးပေးရေးကိစ္စနှင့်ပတ်သက်၍ အင်းစိန်ဗဟိုအကျဉ်းထောင်အနီး ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်သည့် သံဃာတော် ၂၃ ပါးကို တိုင်းသံဃနာယကအဖွဲ့က သြဝါဒပေးရန် ခေါ်ယူထား ============================================================= ဦးဝီရသူ အား ရုံးထုတ်စစ်ဆေးပေးရေးကိစ္စနှင့် ပတ်သက်၍ အင်းစိန်ဗဟိုအကျဉ်းထောင်အနီး ဆန္ဒ ထုတ်ဖော်ရာတွင် ပါဝင်ခဲ့သည့် သံဃာတော် ၂၃ ပါးကို ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ က ဇန်နဝါရီ ၂၆ ရက်တွင် သြဝါဒပေးရန် ခေါ်ယူထားရှိကြောင်း သိရသည်။ ဇန်နဝါရီ ၂၂ ရက်၌ ရန်ကုန်တိုင်းသာသနာရေးမှူးက တိုင်းဒေသကြီး သံဃနာကယက အဖွဲ့အား ရန်ကုန်အ နောက်ပိုင်းခရိုင် ဗဟန်းမြို့နယ်၊ ကြားတောရရပ်ကွက် ဦးသာသနကျောင်းတွင် သီတင်းသုံနေထိုင်လျှက်ရှိသော ဦးအဂ္ဂဓဇ၊ ဦးပညာဝံသအပါအဝင် သံဃာတော် ၂၃ ပါးကို ခေါ်ယူသြဝါဒပေး ဆောင်ရွက်ပေးတော်မူရန် လျှောက်ထားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ယင်းသို့ သံဃာတော် ၂၃ ပါးအပေါ် ဆရာတော်ကြီးများ၏ သြဝါဒကို ခံယူရန်လျှောက်ထားမှုကို လက်ခံကြောင်း မျိုးချစ်မြန်မာရဟန်းတော်များ သမဂ္ဂ(ရန်ကုန်)၏ ဗဟို အလုပ်အမှုဆောင်ဆရာတော်တစ်ပါးဖြစ်သည် အရှင် တေဇဝန္တက ဇန်နဝါရီ ၂၄ ရက်တွင် ပြည်မြန်မာ သို့ မိန့်ကြားသည်။ အင်းစိန် အကျဉ်းထောင်အရှေ့မှာ လုပ်တဲ့ ကိစ္စအပေါ် လုပ်ထုံး လုပ်နည်း အရ သာသနာရေးဝန်ကြီးဋ္ဌာနက လုပ်တာ မှန်တော့မှန်ကန်ပါတယ်။ ဦးဇင်းတို့ နိုင်ငံမှာ လွဲနေတာလေးတွေ တော့ ရှိတယ်။ ဓမ္မစက်နဲ့ အာဏာ စက်ရောထွေးနေတာလေ။ ရဟန်းတစ်ပါးကို တရားစွဲမယ်ဆိုရင် မည်သည့် ပုဒ်မနဲ့ ပဲစွဲစွဲ ဥပမာ ပြစ်မှုကြီး ဆယ်မှု ကို ကျူးလွန်မှသာလျှင် အရပ်ဖက်တရားရုံးက နေတိုက်ရိုက်တရားစွဲဆိုပြီး လုပ်ထုံး လုပ်နည်းအရ လုပ်ရတာလေ။ နိုင်ငံရေးယုံကြည်ချက်ကြောင့် လုပ်တဲ့ ပြစ်မှုတွေကျတော့ အဲဒီလို လုပ်ခွင့်မရှိဘူး ခုဏက ဓမ္မစက် သွားရတာ။ မြန်မာပြည်မှာကျတော့ မှေးမှိန်နေတဲ့ သဘောရှိတယ်။ ဓမ္မစက်နဲ့ ခေါ်တာကို တော့ ဦးဇင်းတို့ ကြိုဆိုပါတယ်။ ဆရာတော်ကြီးတွေ ဆုံးမစရာရှိတာဆုံးမမှာပေါ့။ ဦးဇင်းတို့ ကလည်း လျှောက်ထားစရာရှိတာ ပြန်လျှောက်ထားလို့ ရတယ် ဟု အရှင်တေဇဝန္တက ရှင်းပြသည်။ ယခုကဲ့သို့ ခေါ်ယူသြဝါဒပေးမည့် ကိစ္စကို လက်ခံသော်လည်း သက်ဆိုင်ရာအစိုးရဋ္ဌာနအနေဖြင့် မည်သည့် အချက်များဖြင့် တိုင်ကြားထားသည်ကို မသိရှိရသေးကြောင်း၊ သြဝါဒပေးမည့် ဆရာတော်ကြီများ၏မိန့်ကြားမှုအပေါ် လိုက်နာမည်ဖြစ်ပြီး၊ ကွဲလွဲနေသည့် တိုင်ကြားချက်များရှိလာပါက ပြန်လည်လျှောက်ထားထောက်ပြသွားမည်ဖြစ်ကြောင်း သိရသည်။ ဆရာတော်ကြီးတွေကို အစိုးရပိုင်းက ဘယ်လိုတွေတိုင်ကြားထားလဲဆိုတာတော့ ဦးဇင်းတို့ မသိဘူးပေါ့နော်။ ဆရာတော်ကြိးတွေ မိန့် ကြားတဲ့ အပေါ်ကို ကြည့်ပြီးတော့ ဦးဇင်းတို့ကထေရဝါဒ သာသနာ ဖြစ်တဲ့ အတွက် မှန်ကန်ရင်လည်း မှန်ကန်ကြောင်း ဦးဇင်းတို့ က လိုက်နာမယ်လေ။ဆရာတော်ကြီးတွေ သိထားတဲ့ အချို့အချက်အလက်တွေလွဲမှာနေရင်လည်း ကွဲလွဲနေတဲ့ အကြောင်း လေးတွေကို လျှောက်ထားရမယ်လေ။ အရင်အမှုတွေမှာဆရာတော်ကြီးတွေသိတောင်မသိလိုက်ဘူး။ ဦးဇင်းတို့ကို ပုဒ်မတွေ တပ်ပြီး စွဲတာဘဲရှိတာ။ ဟု အရှင်တေဇဝန္တ ဆက်လက် မိန့်ကြားသည်။ မင်းရန်နောင် ဓာတ်ပုံ မျိုးကျော်စိုး ပုံစာ - ဦးဝီရသူ အား ရုံးထုတ်စစ်ဆေးပေးရေးကိစ္စနှင့် ပတ်သက်၍ အင်းစိန်ဗဟိုအကျဉ်းထောင်အနီး ဆန္ဒ ထုတ်ဖော်ခဲ့သည့် မြင်ကွင်း Crd