No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

"ဗိုလ်ချုပ်အပါးတော်မြဲ ဗိုလ်ထွန်းလှ၏ အာဆင်နယ်-ချယ်လ်ဆီးပွဲ အတွေ့အကြုံ" . ရေးသူ - စိန်ဝဇီ ၁၉၄၇ ခုနှစ်၊ ဇန်နဝါရီ ၁၅ ရက်။ FA Cup အာဆယ်နယ်-ချယ်လ်ဆီးပွဲကို သခင်မြမကြည့်ဘူးဆိုလျှင် ဗိုလ်ထွန်းလှလည်း ကြည့်ခွင့်ရရန် မသေချာပေ။ ဆရာဖြစ်သူ ဗိုလ်ချုပ် အောင်ဆန်းမှာ ဗြိတိသျှနန်းရင်းဝန် အက်တလီနှင့် ဆွေးနွေးရန်အတွက် အလုပ်များလျက်ရှိသည်။ ညနေ ၄ နာရီတွင် ဒေါင်းနင်းလမ်း၌ အစည်းအဝေးပွဲရှိသည်။ . ဗြိတိသျှအစိုးရကလည်း မြန်မာခေါင်းဆောင်များကို အထူးဧည့်သည်တော်များအဖြစ် ဘောလုံးပွဲကြည့်ရန် ဖိတ်ထားသည်။ ဗိုလ်ချုပ်ကိုယ်တိုင် လေးစား အားထားရသည့် သခင်မြက အင်္ဂလိပ်ဘောလုံးပွဲ ကြည့်ဖူးသည် ရှိအောင် ကြည့်ဦးမည်ဟု ဆိုလိုက်ရာ ရုံးအဖွဲ့ဝင်လူငယ်များ ဝမ်းသာသွားကြသည်။ အစည်းအဝေးက ညနေမှဖြစ်၍ နေ့လယ်ပိုင်း အနည်းငယ် အချိန်ရသည်။ ကန်မည့်အသင်းများကလည်း နာမည်ကြီးဘောလုံးအသင်းများ ဖြစ်သည်။ . လန်ဒန်ဆောင်း အေးအေးကြီးထဲ သခင်မြနှင့် ရုံးအဖွဲ့ဝင်လူငယ်အချို့ အနွေးထည်ထူထူကြီးများ ဝတ်၍ ထွက်သွားကြသည်။ "သခင်မြ တစ်ယောက်သာ သွားနိုင်၍ ကြှနျုပျတို့ လူငယ်စုလည်း အချောင်ကြည့်ခွင့်ရလေသည်"ဟု အသက် (၂၈) နှစ်အရွယ် ဗိုလ်ထွန်းလှက ဆိုသည်။ . ဒုတိယကမ္ဘာစစ်ပြီးစဖြစ်၍ အင်္ဂလန်တွင် အစားအသောက်၊ အဝတ်အထည်မှစ၍ အလွန်ရှားပါးလျက်ရှိသည်။ ရာသီဥတုကလည်း နှစ်ပေါင်း ၅၀ အတွင်း အအေးဆုံးဟု ဆိုကြသည်။ သို့သော် ၂ နာရီ ၁၅ မိနစ်တွင် ကန်မည့်ပွဲအတွက် ၁၂ နာရီမထိုးမီကပင် Highbury ကွင်းကြီးအတွင်း ပြည့်ကျပ်လျက် ရှိသည်။ . "အင်္ဂလိပ်လူမျိုးများ ကစားခုန်စားဘက်၌ အလွန်ဝါသနာပါကြောင်း ကြားဖူးလေရာ ယနေ့ ဘောလုံးပွဲသည် ထိုအချက်ကို ထင်ရှားစွာ ပြလိုက်သော သာဓကတစ်ရပ်ဖြစ်ကြောင်း တွေ့ရသည်"ဟု ဗိုလ်ထွန်းလှ(စာရေးဆရာ တက္ကသိုလ်နေဝင်း)က သူမြင်သည် ကို ပြောသည်။ . ပရိသတ်အရေအတွက်နှင့် လက်မှတ်ရောင်းရ ငွေများကိုလည်း ဘောလုံးအုပ်ချုပ်ရေးဌာနသို့ စုံစမ်း ကြည့်လိုက်သေးသည်။ ပွဲစသော အခါ အာဆင်နယ်နှင့် ချယ်လ်ဆီးက လျင်မြန်ဖျတ်လတ်စွာ အကြိတ်အနယ် ကစားကြသည်။ ပရိသတ်ကလည်း တစ်ခဲနက် အားပေးကြသည်။ ချယ်လ်ဆီးက ပို၍ဖိကစားသည်။ အာဆယ်နယ်ဂိုးပေါက်တွင် ဝဲနေသည်။ သို့သော် အာဆင်နယ်နောက်တန်းကလည်း အလွန်စေ့သဖြင့် ချယ်လ်ဆီးမှာ ဂိုးမရခဲ့ပေ။ . ဘောပွဲကြည့်နေရင်း ဗိုလ်ထွန်းလှသည် မြန်မာနိုင်ငံမှ နာမည်ကျော်ဘောလုံးအသင်းများဖြစ်ခဲ့သော မီးရထား၊ ပုလိပ်ကြီး၊ ကောလိပ်အသင်းတို့ကို သတိရမိသည်။ သို့သော် မြန်မာအသင်းများထက် အာဆင်နယ်နှင့် ချယ်လ်ဆီးကစားပုံက ပို၍လျင်မြန်သည်ကို တွေ့ရသည်။ . သို့သော် ထိုနေ့ ဘောလုံးပွဲသည် သရေဖြင့်ပင် ပြီးဆုံးသွားခဲ့၍ ပရိသတ်များ အားမလိုအားမရဖြစ် သွားကြရသည်။ ဗိုလ်ထွန်းလှတို့လည်း ဘောလုံးပွဲအကြောင်းကို ပြောကြရင်း မိမိတို့တည်းခိုရာ ဒေါ်ချက်စတာဟိုတယ်သို့ ပြန်လာခဲ့ကြသည်။ . "တစ်ခုမှတ်သားရန် သင့်သည်ကား ပရိသတ်သည် ဘောလုံးကစားသူများအား စိတ်ပါလက်ပါ ဟစ်အော်ကြွေးကြော်ကြ၍ အားပေးကြသော်လည်း ဗမာပြည်မှာကဲ့သို့ ချပါတော့လား၊ ဘယ်သူ့ကို ဘယ်လိုလုပ်လိုက်လေ အစရှိသည်ဖြင့် မြှောက်ပေးခြင်းမရှိဘဲ အလွန် စည်းကမ်းသေဝပ်ကြခြင်း ပင်တည်း"ဟုမှတ်ချက်ချခဲ့လေသည်။ . ရည်ညွှန်း- (၁) ဗိုလ်ချုပ်အောင်ဆန်း၏ လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်း (တက္ကသိုလ်နေဝင်း) (၂) ငါတို့ဗိုလ်ချုပ် ဘာတွေလုပ်ခဲ့သလဲ (သတင်းစာ ဆရာဦးပုကလေး) (၃) 10 Footballs Home. . မူရင်း : The Standard Daily ဓာတ်ပုံ : The Standard Daily . #Myanmarlive #Myanmar #Thailand #Journal #freecopy #mahachai #samutsakorn #betterlife #EPL #UCL #Englishpremierleague #UEFAchampiansleague Crf