No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ထိပ်တန်း အမှတ်ပေးပြိုင်ပွဲတွေမှာ ၁၅ ရာသီဆက် ၁၅ ဂိုး သွင်းယူတဲ့ စံချိန်သစ်ကို ရော်နယ်လ်ဒို ပိုင်ဆိုင်လာ၊ လိုင်ယွန် တိုက်စစ်မှူး ဒမ်ဘီလီကို အငှားခေါ်ယူဖို့ အက်သလက်တီကိုအသင်း သဘောတူညီမှု ရရှိ၊ ချန်ပီယံဆုအကြောင်း ပြောဖို့ စောလွန်းသေးတယ်ဆိုတဲ့ ဆိုးလ်ရှား စတဲ့ ဒီနေ့ ညနေခင်းအားကစားသတင်းတွေကို တင်ဆက်ပေးလိုက်ပါတယ်။ 7Day Sport ဇန်နဝါရီ-၁၁၊ ၂၀၂၁ ထိပ်တန်း အမှတ်ပေးပြိုင်ပွဲတွေမှာ ၁၅ ရာသီဆက် ၁၅ ဂိုး သွင်းယူတဲ့ စံချိန်သစ်ကို ရော်နယ်လ်ဒို ပိုင်ဆိုင်လာ ဆက်ဆူလို အသင်းနဲ့ပွဲမှာ ဂိုးသွင်းယူခဲ့တဲ့နောက် ဂျူဗင်းတပ်စ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ နောက်ထပ် သွင်းဂိုး စံချိန် မှတ်တမ်းသစ် တစ်ခုကို ပိုင်ဆိုင်လာခဲ့ပါတယ်။ အီတလီ စီးရီးအေ ချန်ပီယံတွေဟာ ဆက်ဆူလို အသင်းကို သုံးဂိုး-တစ်ဂိုးနဲ့ အနိုင်ရခဲ့ပြီး ပေါ်တူဂီ ဝါရင့် ကစားသမားကြီးက အသင်းအတွက် အပိတ်ဂိုး သွင်းခဲ့တာပါ။ ဒီသွင်းဂိုးဟာ အခုရာသီမှာ ရော်နယ်လ်ဒိုရဲ့ အီတလီ စီးရီးအေ ၁၅ ဂိုးမြောက် ဖြစ်ပါတယ်။ ဒါကြောင့် ရော်နယ်လ်ဒိုဟာ ဥရောပ ထိပ်တန်း အမှတ်ပေး ပြိုင်ပွဲကြီးတွေမှာ ၁၅ ရာသီဆက်တိုက် ၁၅ ဂိုးနဲ့အထက် သွင်းယူနိုင်တဲ့ တစ်ဦးတည်းသော ကစားသမား ဖြစ်လာခဲ့ပါတယ်။ ရော်နယ်လ်ဒိုဟာ အဲဒီစံချိန်အတွက် မန်ချက်စတာ ယူနိုက်တက်၊ ရီးရဲလ်မက်ဒရစ်နဲ့ ဂျူဗင်းတပ်စ်လို အသင်းတွေမှာ ရာသီတိုင်း အမှတ်ပေးပြိုင်ပွဲ သွင်းဂိုး ၁၅ ဂိုးနဲ့အထက် ရရှိအောင် စွမ်းဆောင်ခဲ့ရတာပါ။ အသက် ၃၄ နှစ် ရှိပြီ ဖြစ်ပေမယ့် ရော်နယ်လ်ဒိုဟာ ဥရောပရဲ့ အထက်မြက်ဆုံး ဂိုးသွင်းယန္တရား တစ်ခုအဖြစ် သူ့ရဲ့ ခြေစွမ်းကို ထိန်းသိမ်းထားနိုင်ဆဲ ဆိုတာ အခုရာသီ သွင်းဂိုးတွေက ပြသနေပါတယ်။ ဂျူဗင်းတပ်စ် အနေနဲ့ ဆက်ဆူလိုကို အနိုင်ရခဲ့တာကြောင့် အမှတ်ပေးဇယားမှာ ဦးဆောင်နေတဲ့ အေစီမီလန်ကို အမီလိုက်ဖို့ အခွင့်အလမ်းတွေ ဆက်လက် အားကောင်းနေပါတယ်။ ဒါပေမဲ့ စိတ်ပျက်စရာ အခြေအနေအဖြစ် ဒီပွဲမှာ ဂျူဗင်းတပ်စ်ရဲ့ အရေးပါတဲ့ ကစားသမားတွေ ဖြစ်ကြတဲ့ ဝက်စ်တန် မက်ကင်နီနဲ့ ပေါ်လို ဒီဘာလာတို့ကတော့ ဒဏ်ရာတွေ အသီးသီး ရရှိပြီး လူစားလဲ ထွက်ခွာခဲ့ရကြောင်း သိရပါတယ်။ ============================ လိုင်ယွန် တိုက်စစ်မှူး ဒမ်ဘီလီကို အငှားခေါ်ယူဖို့ အက်သလက်တီကိုအသင်း သဘောတူညီမှု ရရှိ အက်သလက်တီကို မက်ဒရစ် အသင်းဟာ အိုလံပစ်လိုင်ယွန် အသင်းရဲ့ တိုက်စစ်မှူး မူဆာ ဒမ်ဘီလီကို အငှားခေါ်ယူဖို့ သဘောတူညီမှု ရရှိသွားကြောင်း သိရပါတယ်။ အသက် ၂၄ နှစ်အရွယ် ဒမ်ဘီလီဟာ စပိန်ကလပ်ဆီ ရာသီကုန်ထိ ပြောင်းရွှေ့ ကစားမှာဖြစ်ပြီး ပြောင်းရွှေ့ကြေး ယူရို ၃၃ သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့်ကိုလည်း အက်သလက်တီကိုက ညှိနှိုင်း ရယူထားခဲ့ပါတယ်။ ဒမ်ဘီလီဟာ လိုင်ယွန် အသင်းမှာ ၂ နှစ်ခွဲကြာ ကစားခဲ့တဲ့ အတောအတွင်း ၁၀၈ ပွဲမှာ ၄၅ ဂိုးထိ သွင်းယူနိုင်ခဲ့ပါတယ်။ ဒမ်ဘီလီကို ဥရောပ ထိပ်တန်း ကလပ်အသင်း တော်တော်များများက စိတ်ဝင်စားခဲ့ဖူးပေမယ့် လိုင်ယွန်နဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းမှုတွေ အဆင်မပြေခဲ့ပါဘူး။ အခုတော့ အက်သလက်တီကိုက သူ့ကို အငှားခေါ်ယူဖို့ ကြိုးစားမှု အထမြောက်သွားခဲ့တာပါ။ အက်သလက်တီကိုဟာ အသင်းနဲ့ စာချုပ် ဖျက်သိမ်းသွားတဲ့ တိုက်စစ်မှူး ဒီယေဂို ကော်စတာနဲ့ နေရာမှာ တိုက်ရိုက် အစားထိုးသွားမှာ ဖြစ်ပါတယ်။ ကော်စတာ ထွက်ခွာသွားတဲ့နောက် အက်သလက်တီကိုမှာ တိုက်စစ်မြားဦး ကစားသမား စစ်စစ်ဆိုလို့ လူးဝစ်ဆွာရက်ဇ် တစ်ဦးတည်းသာ ရှိနေပါတော့တယ်။ လိုင်ယွန် အသင်းရဲ့ အားကစား ဒါရိုက်တာ ဂျူနင်ဟိုကလည်း ဒမ်ဘီလီကို အသင်းမှာ ဆက်ထိန်းထားဖို့ သိပ်အဆင်မပြေတော့ဘူးလို့ ဝန်ခံခဲ့ပါတယ်။ ကစားသမား ကိုယ်တိုင်က အသင်းပြောင်းရွှေ့ဖို့ သင့်တော်တဲ့ အချိန်မျိုးလို့ ယူဆနေတဲ့အခါ အသင်းအတွက် ကစားပေးဖို့ သိပ်ပြီး စိတ်ထက်ထက်သန်သန် မရှိတော့ဘူးလို့ ဂျူနင်ဟိုက ဆိုပါတယ်။ ဒမ်ဘီလီဟာ ဇန်နဝါရီ ၁၁ ရက် ညပိုင်းမှာ မက်ဒရစ်ကို ရောက်ရှိလာပြီး အသင်းသစ်နဲ့ ဆေးစစ်မှုတွေ ခံယူသွားဖွယ် ရှိနေပါတယ်။ ဒမ်ဘီလီ အနေနဲ့ ဇန်နဝါရီ ၁၂ ရက်မှာ ဆီဗီးလား အသင်းနဲ့ ယှဉ်ပြိုင်မယ့် ပွဲစဉ်ကိုတော့ ပါဝင်နိုင်ဖွယ် မရှိသေးကြောင်း စပိန် မီဒီယာတွေက ဖော်ပြသွားပါတယ်။ =========================