
မြန်မာနိုင်ငံမှာ ကိုရိုနာဗိုင်းရပ်စ် ကာကွယ်ဆေး စတင်ထိုးနှံခဲ့သူတွေထဲက တချို့ဟာ ကာကွယ်ဆေးရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေ အဖြစ် ဖျားတာ၊ ကိုယ်ခန္ဓာ နာကျင်ကိုက်ခဲတာနဲ့ ဆေးထိုးတဲ့ နေရာမှာ ယောင်ယမ်းတာတွေ ခံစားနေကြရတယ်လို့ ဘီဘီစီကို ပြောပါတယ်။ တချို့လူတွေမှာ ဆေးထိုးပြီး နာရီပိုင်းအတွင်း ဆေးရဲ့အကျိုးသက်ရောက်မှုကို ပြသလို တချို့မှာတော့ ညအိပ်ချိန် ရောက်ခါနီးမှာ လက္ခဏာပြတယ်လို့လည်း ဆိုပါတယ်။ ရန်ကုန်အရှေ့ပိုင်းဆေးရုံကြီးမှာ ဇန်နဝါရီလ ၂၇ ရက်နေ့က ကာကွယ်ဆေးထိုးနှံခဲ့တဲ့ ဆရာဝန်တဦးကတော့ သူ့ရဲ့ အတွေ့အကြုံတွေအကြောင်း အခုလို ရှင်းပြပါတယ်။ "ကျွန်တော်ဖြစ်တဲ့ လက္ခဏာမှာတော့ ဖျားတာနဲ့ ခန္ဓာကိုယ်ထုံကျင်ကိုက်ခဲတာ၊ ကြွက်သား နာကျင်တဲ့ဟာတော့ ခံစားရတယ်" လို့ ဆိုပါတယ်။ ကာကွယ်ဆေးထိုးပြီးပြီးချင်း ကျန်းမာရေး တာဝန်ရှိသူတွေက မိနစ် ၃၀ လောက် စောင့်ကြည့်တယ် ဆိုပေမယ့် ကာကွယ်ဆေးရဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေနဲ့ ပတ်သက်လို့ ဘာတွေဆက်ဖြစ်လာနိုင်မလဲဆိုတာ ကျန်းမာရေးဝန်ကြီးဌာနဘက်က အခုအချိန်ထိ သတ်မှတ်ပြဋ္ဌာန်းထားတာ မရှိသေးပါဘူး။ ဒါကြောင့်လည်း ကာကွယ်ဆေးထိုးနှံခဲ့တဲ့ ဆရာဝန်တဦးက ဒီအကြောင်းတွေ ပြည်သူတွေ သိရှိနားလည်စေဖို့အတွက် လမ်းညွှန်ချက်တွေ ထုတ်ပြန်ပေးဖို့ တိုက်တွန်းပါတယ်။ "ကာကွယ်ဆေးထိုးလိုက်ရင် ဘာတွေ ဘာတွေ ဖြစ်မယ်ဆိုတာ လမ်းညွှန်ချက်ပေးထားရင်တော့ ပိုကောင်းတာပေါ့။ ဒါပေမဲ့ ဒီလို ထုံကျင်ကိုက်ခဲတာတို့ မောပန်းနွမ်းနယ်တာတို့ ဖြစ်လာပြီဆိုရင်တော့ ရေများများသောက်၊ အစားများများစား၊ ကောင်းကောင်းအိပ်။ အဲဒီလိုမျိုး လုပ်ထားရင်တော့ ပိုကောင်းပါတယ်" လို့ ပြောပါတယ်။ ဗြိတိန်နိုင်ငံ အောက်စဖို့ တက္ကသိုလ်၊ အက်စထရာဇန်နကာ ကုမ္ပဏီနဲ့ အိန္ဒိယနိုင်ငံ ဆီယမ် အင်စတီကျုတို့ ပူးပေါင်းပြီး ထုတ်ခဲ့တဲ့ ဒေသအခေါ် ကိုဗီရှီး ကာကွယ်ဆေး အလုံး ၁.၅ သန်းကို ပြီးခဲ့တဲ့ သီတင်းပတ်က အိန္ဒိယအစိုးရက မြန်မာနိုင်ငံကို အခမဲ့ ပေးလှူခဲ့ပြီးနောက်ပိုင်း ဇန်နဝါရီလ ၂၇ ရက်နေ့က မြန်မာနိုင်ငံမှာ ကိုဗစ်ကာကွယ်ဆေး စတင်ထိုးနှံခဲ့တာပါ။ မြန်မာနိုင်ငံတွင်း တိုင်းနဲ့ပြည်နယ်တဝန်းက ကျန်းမာရေးဝန်ထမ်းတွေနဲ့ စေတနာ့ဝန်ထမ်း ၃၀၀,၀၀ ကျော်ကို ဇန်နဝါရီလ ၂၇ ရက်နေ့အတွင်း ကာကွယ်ဆေး ထိုးနှံပေးခဲ့တယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။ တနိုင်ငံလုံးမှာရှိတဲ့ ကျန်းမာရေးဝန်ထမ်း ၁၁၀,၀၀၀ ကျော်ကို ဖေဖော်ဝါရီလ ၅ ရက် မတိုင်ခင် ကာကွယ်ဆေးတွေ အပြီးထိုးပေးနိုင်ဖို့ ကျန်းမာရေးဝန်ကြီးဌာနကက စီစဉ်ထားပါတယ်။ ဖေဖော်ဝါရီ ၅ ရက်နောက်ပိုင်းမှာတော့ ပြည်ထောင်စုအဆင့်အစိုးရအဖွဲ့ဝင်တွေ၊ ပြည်ထောင်စု လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တိုင်းဒေသကြီးအဆင့်အစိုးရအဖွဲ့တွေကို ထိုးပေးဖို့ ရှိပါတယ်။ အစိုးရယန္တရားလည်ပတ်နေသူတွေပြီးရင်တော့ အသက် ၆၅ နှစ်နဲ့အထက်ရှိသူတွေကို ထိုးပေးမှာ ဖြစ်ပါတယ်။ ဆရာဝန်၊သူနာပြုမဟုတ်တဲ့ အများပြည်သူကို ထိုးတဲ့အချိန်မှာ ဆေးကြောင့်ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲ သက်ရောက်မှုတွေနဲ့ ပတ်သက်လို့ ကျန်းမာရေးဝန်ကြီးဌာနဘက်က ပြင်ဆင်ထားချက်တွေအကြောင်း ရန်ကုန်ဆေးရုံကြီးအရေးပေါ်ကုသရေးဌာန က ပါမောက္ခ ဒေါက်တာမော်မော်ဦးက ဘီဘီစီကို အခုလို ပြောပါတယ်။ "ဘာဖြစ်ရင် ဘယ်လို ကိုယ့်ဘာသာ လုပ်လိုက်ပါလို့ ကြေညာချက်တွေထဲမှာ နောက်ဆို ပါလာမှာလေ။ သာမန် ကာကွယ်ဆေးရဲ့ ဆိုးကျိုးတွေ ရှိရင်တော့ အားလုံးကို လိုက်လုပ်ပေးနေစရာမလိုပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ အသက်အန္တရာယ်ရှိမှ မရှိတာကို။ သို့သော်လည်းပဲ ပြင်းထန်တဲ့ ဓာတ်မတည့်တဲ့ ရောဂါ ရှိတဲ့သူတွေကတော့ ရှိနိုင်တာပေါ့။ အဲဒီဟာနဲ့ ပတ်သက်လို့တော့ ကာကွယ်ဆေးထိုးတဲ့ အဖွဲ့က ကျန်းမာရေးက လူတွေပဲ ဖြစ်တဲ့အတွက် တခုခုဖြစ်ရင် ဘာဖြစ်တယ်ဆိုတာ သိတယ်လေ။ ဖြစ်လား မဖြစ်လားဆိုတော့ ကာကွယ်ဆေးထိုးပြီး နာရီဝက် ထိုင်စောင့်ကြည့်တယ်လေ။ တခုခုဖြစ်ခဲ့လို့ဆိုရင် ဆေးရုံတွေကို ပို့ပေးဖို့ အဖွဲ့တွေ စီစဉ်တဲ့ အစီအစဉ် ရှိတယ်။ ရန်ကုန်ဆေးရုံကြီးဆိုရင် အခု ကာကွယ်ဆေးထိုးကနေပြီးတော့ ဖြစ်လာမယ့် လူနာတွေကို လက်ခံဖို့အတွက် အရေးပေါ် ခုတင် ၂ ခုတင်ကို သီးသန့် အမြဲ ပြင်ထားတယ်" လို့ ပါမောက္ခ ဒေါက်တာ မော်မော်ဦးက ဆိုပါတယ်။ မြန်မာနိုင်ငံတွင်း လူဦးရေ ၁၅ သန်းစာအတွက် အိန္ဒိယနိုင်ငံက ဝယ်ယူထားတဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ဖေဖော်ဝါရီလအတွင်းမှာ ထပ်ရောက်လာဖို့ ရှိပါတယ်။ တရုတ်နိုင်ငံခြားရေးဝန်ကြီးကလည်း တရုတ်ထုတ် ကိုဗစ်ကာကွယ်ဆေးအလုံးပေါင်း ၃၀၀,၀၀၀ မြန်မာနိုင်ငံကို ပေးလှူမယ်လို့ ကတိပေး ပြောကြားထားပါတယ်။ ကိုဗီရှီးအကြောင်း သိသင့်သမျှ "ဆေးတွေ ရောက်လာပြီ ဆိုပြီး မပေါ့ကြပါနဲ့"- ဒေါ်အောင်ဆန်းစုကြည် လက်ရှိမှာတော့ ကာကွယ်ဆေးထိုးနှံဖို့အတွက် ရပ်ကွက်တွေအတွင်းမှာ စာရင်းလိုက်လံကောက်ယူနေကြတာတွေ ရှိတယ်လို့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးထိုးဖို့စောင့်နေကြသူတွေ့ရှိသလို ကာကွယ်ဆေးရဲ့နောက်ဆက်တွဲ သက်ရောက်မှုကို စိုးရိမ်နေသူတချို့လည်း ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ကတော့ ပြည်သူတွေအနေနဲ့ ကိုဗစ်ကာကွယ်ဆေးနဲ့ ပတ်သက်လို့ တခါမှ အတွေ့အကြုံမရှိသေးတဲ့အတွက် စိုးရိမ်မှုတွေ ရှိတယ်ဆိုတာ သဘာ၀ ကျတဲ့အကြောင်း၊ သာမန်ကာကွယ်ဆေး ထိုးရင်တောင် ဖြစ်တတ်တဲ့ ဘေးထွက်ဆိုးကျိုး နည်းနည်းပါးပါး ရှိတတ်တယ်ဆိုတဲ့အကြောင်း အသိပေး ပြောကြားထားပါတယ်။ ဒါပေမဲ့ ကာကွယ်ဆေးတွေ ရပြီဆိုပြီး မပေါ့ကြဖို့ ဒေါ်အောင်ဆန်းစုကြည်က ပြည်သူတွေကို ထပ်မံတိုက်တွန်းထားပါတယ်။ လူဦးရေ ၅၄ သန်းကျော်ရှိတဲ့ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ်အတွင်း နိုင်ငံလူဦးရေ ၄၀ ရာခိုင်နှုန်းကို ကိုဗစ်ကာကွယ်ဆေး ထိုးနှံပေးသွားဖို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက မျှော်မှန်းထားပါတယ်။ Credit :