
ရန်ကုန်တိုင်းဝန်ကြီးချုပ်က ရွှေနဂါးဓာတ်မြေသြဇာစက်ရုံ လည်ပတ်နေမှုကို ချက်ချင်းရပ်ဆိုင်းစေခဲ့ပြီး ဥပဒေနှင့်အညီအရေးယူမှုများ လုပ်ဆောင်မည်ဟုဆို -------------------------- ရန်ကုန်၊ ဇန်နဝါရီလ ၂၉ ဥပဒေနှင့်မညီညွတ်ဘဲ လုပ်ငန်းလည်ပတ်မှုများ လုပ်ဆောင်နေသော တွံတေးမြို့နယ်ရှိ ရွှေနဂါးဓာတ်မြေသြဇာ စက်ရုံကို ဒေသခံများ၏ တင်ပြချက်အရ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းအနေဖြင့် ယနေ့ဇန်နဝါရီ ၂၉ ရက်တွင် သွားရောက်စစ်ဆေးခဲ့ရာ လိုင်စင်မရှိဘဲ လုပ်ဆောင်နေခြင်းကို တွေ့ရှိရသည့်အတွက် စက်ရုံလည်ပတ်မှုကို ချက်ချင်းရပ်ဆိုင်းစေခဲ့ကြောင်း ဒေသခံများ၏ ပြောဆိုချက်အရ သိရပါတယ်။ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံအနေဖြင့် တည်ဆဲဥပဒေ လုပ်ထုံးလုပ်နည်းများကို ကျော်လွန်ဆောင်ရွက်နေခြင်း၊ ပတ်ဝန်းကျင်ထိခိုက်မှုဖြစ်ပေါ်နေခြင်းကို ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့အနေဖြင့် စစ်ဆေးတွေ့ရှိခဲ့ကြောင်း သိရပါတယ်။ ဝန်ကြီးချုပ် စက်ရုံအတွင်း ဝင်ရောက်ကြည့်ရှု့ပြီးနောက်မှာတော့ စက်ရုံတွင်း စည်းကြိုးများဖြင့်တားမြစ်ပိတ်ပင်လိုက်ပါတယ်။ ကုန်ကြမ်းများ စက်ရုံတွင်း ရှင်းလင်းနေစဉ် ကာလအတွင်း ရဲတပ်ဖွဲ့နှင့် ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ၂၄ နာရီအပြည့် စောင့်ကြပ်ရမှာဖြစ်ပါတယ်လို့ ဝန်ကြီးချုပ်ကို တင်ပြရာတွင် ဦးဆောင်ပါဝင်ခဲ့သူ ဒေသခံ ဦးရဲဝင်းထွဋ်ကပြောပါတယ်။ စက်ရုံနှင့်ပတ်သက်ပြီး ဥပဒေနှင့်မညွတ်သည့်ကိစ္စရပ်များထပ်မံတွေ့ရှိပါက တာဝန်ရှိသူများအနေဖြင့် ချက်ချင်းအရေးယူဆောင်ရွက်ပေးရန်၊ စက်ရုံလည်ပတ်နေမှုကို ချက်ချင်းရပ်ဆိုင်းစေရန်နှင့် ဂိုထောင်များရှိ ဓာတုဗေဒပစ္စည်းများကို ချက်ချင်းဖယ်ရှားစေခြင်းတို့လုပ်ဆောင်ရန် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ညွှန်ကြားခဲ့ပြီး ဓာတုပစ္စည်းသိုလှောင်ခွင့် လိုင်စင်မရှိဘဲ ပြည်ပမှတင်သွင်းလာသော ဓာတုဗေဒပစ္စည်းများကို ဆိပ်ကမ်းကပ်ခွင့် ချက်ချင်းပိတ်သိမ်း အရေးယူမှုများ လုပ်ဆောင်ခဲ့ကြောင်း သိရပါတယ်။ ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးမြို့နယ် ထန်းတပင်ကျေးရွာရှိ ရွှေနဂါးဓာတ်မြေသြဇာစက်ရုံမှ ထွက်ရှိ သော အနံ့ဆိုးနှင့် အမှုန်များကြောင့် ဒေသခံများ၏ ကျန်းမာရေးထိခိုက်နေသဖြင့် ပိတ်သိမ်းပေးရန် ဒေသခံ ၃ဝခန့်က ဇန်နဝါရီ ၂၆ ရက်တွင် ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှေ့၌ ရန်ကုန်တိုင်းဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းကို လာရောက်စောင့်ဆိုင်းခဲ့တာတင်ပြခဲ့ခြင်းဖြစ်ပါတယ်။