စစ်တပ်ထောက်ခံသူတွေ တန်ပြန်ဆန္ဒပြနေ ~~~~~~~~ ■ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြပွဲတွေကို တန်ပြန်ဆန္ဒပြတဲ့ လှုပ်ရှားမှုတွေ ရန်ကုန်မြို့တွင်းမှာ ရှိနေပါတယ်။ အာဏာသိမ်းတဲ့ လုပ်ရပ်ကို ထောက်ခံတဲ့ စစ်တပ်ထောက်ခံသူတွေဟာ ရန်ကုန်မြို့ ဆူးလေ ကမ်းနားလမ်း၊ လှည်းတန်းနဲ့ သုဝဏ္ဏ အားကစားကွင်းအနီးမှာ လူစုဝေးပြီး ကားတွေနဲ့ လှည့်လည်သွားလာနေကြတာပါ။ ရန်ကုန်၊ ကမ်းနားလမ်းနဲ့ ဆူးလေဘုရားလမ်းဒေါင့်မှာ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူတွေနဲ့ စစ်တပ်ထောက်ခံသူတွေကြား ဒီကနေ့ နေ့လယ်ပိုင်းက ခိုက်ရန်ဖြစ်ပွားမှုတွေလည်း ရှိခဲ့ပါတယ်။ စစ်အာဏာသိမ်း ဆန့်ကျင်ဆန္ဒပြသူ ကိုကျော်ဆန်းက "စစ်တပ်ထောက်ခံတဲ့ကားတွေ ဆယ်စီးဝန်းကျင်လောက် ရှိတယ်၊ ကျနော်နဲ့ သူတို့ကားတေ ကမ်းနားလမ်းမှာဆုံတော့ ကျနော်က ဓာတ်ပုံရိုက်ဖို့လုပ်တာ၊ အဲဒီမှာကားပေါ်က ပြေးဆင်းလာပြီး ကျနော့်ကို ရိုက်ဖို့လုပ်တယ်၊ ကျနော် လူအုပ်ကြားထဲ ဝင်ပြေးလိုက်လို့ ပြန်လွှတ်လာတာ" လို့ RFA ကိုပြောပါတယ်။ စစ်တပ်ထောက်ခံသူတွေဟာ ဆူပူအကြမ်းဖက်မှုများကို ရှုံ့ချကြောင်း၊ သွေးထိုးလှုံ့ဆော်မှုများကို ထပ်မလုပ်ဖို့ ကြွေးကြော်သံတွေနဲ့ တန်ပြန်ဆန္ဒပြနေတာဖြစ်ပါတယ်။ လူအင်အား ရာဂဏာန်းလောက်ရှိတဲ့ စစ်တပ်ထောက်ခံသူတွေဟာ STOP ဆိုတဲ့ စာသားပါ ဆိုင်းဘုတ်တွေကို ကိုင်ဆောင်ထားပြီး နိုင်ငံတော်အလံတွေကိုလည်း လွှင့်ထူထားကြတာပါ။ သင်္ဃန်းကျွန်းမြို့နယ် အနိုင်ရ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာ ကျော်စွာဦးက လူလူချင်း ထိပ်တိုက်တွေ့ပြီး အကြမ်းဖက်သဖွယ် အရေးယူနှိမ်နင်းမှုတွေ လုပ်လာနိုင်တာကြောင့် ငြိမ်းချမ်းစွာ ဆန္ဒပြနေတဲ့ ပြည်သူတွေအနေနဲ့ သတိ၊ ဝီရိယနဲ့ ဆောင်ရွက်ကြဖို့၊ တစ်ဦးနဲ့တစ်ဦး ဝန်းရံကြဖို့ ၊ တစ်ဘက်က အကြမ်းဖက်လာရင် ကိုယ့်ဘက်က အကြမ်းမဖက်ဘဲ မှတ်တမ်းယူတာမျိုးကို သတိထားလုပ်ဆောင်ကြဖို့ သတိပေးပါတယ်။ ဧရာဝတီတိုင်း ပုသိမ်မြို့မှာလည်း ရဲတပ်ဖွဲ့ဝင်တချို့က အရပ်သားဝတ် အသွင်ယူပြီး စစ်အာဏာသိမ်းဆန့်ကျင်ရေး ဆန္ဒပြပွဲတွေကြားမှာ သတင်းယူ လှုပ်ရှားနေတာတွေရှိတယ်လို့ သိရပါတယ်။ ---------------- Credit:
