
အာဏာရှင်စနစ်ဆန့်ကျင်ရင်း ဖမ်းဆီးခံရသူများအနက်မှ ၃၀၀ ခန့်ကို ယနေ့ပြန်လွှတ် ရန်ကုန်- ၂၀၂၁ မတ် ၂၆ (မော်ကွန်း) လူပေါင်းရာကျော် ကျဆုံးထားပြီး ထောင်နဲ့ချီအဖမ်းအဆီးခံထားရသည့် ရန်ကုန်မြို့က အာဏာရှင်စနစ် ဆန့်ကျင်သူများထဲမှ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသူများအနက် ၃၀၀ ဝန်းကျင်သည် ယနေ့ ညနေ ၄ နာရီ ဝန်းကျင်တွင် ပြန်လည်လွတ်မြောက်လာသည်။ ငြိမ်းချမ်းစွာဆန္ဒထုတ်ဖော်သူများကို ရဲနှင့်စစ်သားများက အကြမ်းဖက်ဖမ်းဆီးမှုများပြုလုပ်ဖမ်းဆီးပြီးနောက် ယခုအကြိမ်သည် မတ်လအတွင်း ဒုတိယမြောက် လွှတ်ပေးခြင်းဖြစ်ပြီး ပြီးခဲ့သည့် ၂၄ ရက်နေ့က ၆၀၀ ကျော်ကို အာဏာပိုင်များက လွှတ်ပေးခဲ့သေးသည်။ ယနေ့ လွတ်မြောက်လာသူများအနက် သုံးပုံတစ်ပုံခန့်သည့် ရန်ကုန်တိုင်းဒေသကြီး ၊ ရွှေပြည်သာမြို့နယ်မှ ဖြစ်ကြောင်း သူတို့အရေးအကူအညီပေးသည့် ရှေ့နေများက ပြောသည်။ သို့သော် ယနေ့ လွတ်မြောက်သူ အရေအတွက် အတိအကျကိုမူ သူတို့ကိုယ်တိုင်မသိရှိကြောင်း ရှေ့နေများက ပြောသည်။ ယနေ့တွင် ဆန္ဒထုတ်ဖော်ရင်း ဖမ်းဆီးခံရသူများကို ပြန်လွှတ်ပေးမည်ဟု သတင်းရရှိသည့်အတွက် အင်းစိန် အကျဉ်းထောင်ရှေ့တွင် မနက်ခင်းကတည်းက ရှေ့နေများနှင့် သတင်းသမားများစောင့်ဆိုင်းနေခဲ့သော်လည်း ညနေပိုင်းရောက်မှ လွှတ်ပေးခြင်းဖြစ်သည်။ လွှတ်ပေးလိုက်သူများကို YBS-43 ယာဉ် သုံးစီးဖြင့် ရန်ကုန်ဘူတာကြီးအထိ ခေါ်ဆောင်လာခြင်းဖြစ်ပြီး ထိုမှတဆင့် ပိုကြီးသော YBS- 93 ယာဉ်များဖြင့် သက်ဆိုင်ရာမြို့နယ်များသို့ ပို့ဆောင်မည်ဟု သိရကြောင်း လွတ်မြောက်လာသူများကို ပို့ဆောင်ပေးသည့် YBS-43 ယာဉ်မောင်းတစ်ဦးကပြောသည်။ Credit: