
ကိုဗစ်ကြောင့် ကရင်နှစ်သစ်ကူးပွဲတော်ကို အကျဉ်းချုံးပဲ ကျင်းပမယ် ဇန်နဝါရီ-၁၂၊ ၂၀၂၁ ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ပွဲတော်ကို ဘားအံမြို့နယ်က ကျေးရွာဒေသတွေမှာ Covid-19 ညွှန်ကြားချက်စည်းကမ်းတွေနဲ့ အညီ အကျဉ်းချုံးကျင်းပပြုလုပ်သွားမယ်လို့ ပွဲတော်ကျင်းပရေတာဝန်ခံတွေက ပြောကြပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် လူစုလူဝေးမဖြစ်အောင် နှစ်သစ်ကူးနေ့ပွဲတော်ကို အစဉ်အလာမပျက် ရိုးရာဓလေ့ထုံးတမ်းတွေနဲ့ အကျဉ်းချုံးကျင်းပပြုလုပ်သွားမှာဖြစ်ပြီး လာရောက်တဲ့သူတွေတိုင်းကို မက်စ်တပ်စေကာ လက်သန့်ဆေးတွေနဲ့ ချထားဆောင်ရွက်ပေးသွားမယ်လို့ ဘားအံမြို့ဒေသခံတစ်ဦးက အခုလိုပြောပါတယ်။ ကပ်ရောဂါကြောင့် နှစ်သစ်ကူးပွဲတော်ကို ရိုးရာအစဉ်အလာမပျက်အောင် အကျဉ်းချုံးကျင်းပပြုလုပ်သွားမှာဖြစ်ပြီး ရိုးရာဒုံးအကပွဲ လက်ဝှေ့ပွဲနဲ့ တခြား ပျော်ပွဲရွှင်ပွဲတွေကို ထည့်သွင်း ကျင်းပပြုလုပ်သွားမှာမဟုတ်ဘူးလို့လည်း စောချိန့်ဖောင်က ဆိုပါသေးတယ်။ ဘားအံမြို့ သီရိကွင်းမှာလည်း နှစ်သစ်ကူးနေ့ပွဲတော်ကို အစဉ်အလာမပျက်စေဖို့အတွက် အကျဉ်းချုံးသာကျင်းပသွားမယ်လို့ လည်း သိရပါတယ်။ ဒီနှစ် နှစ်သစ်ကူးနေ့ပွဲတော်မှာတော့ ကပ်ရောဂါကြောင့် စည်စည်ကားကားနဲ့ ကျင်းပပြုလုပ်သွားမှာမဟုတ်ပဲ မိသားစုအလိုက်ပဲ နှစ်ကူးပွဲတော် လုပ်ကြဖို့ ရှိတယ်လို့ သိရပါတယ်။ နှစ်သစ်ကူးနေ့အခမ်းအနားမှာတော့ ကရင်အမျိုးသားအလံတော်လွှင့်ထူတာ၊ ရိုးရာကောက်သစ်စားတာတွေ၊ ရိုးရာထမင်းကျွေးတာတွေ ကျင်းပပြုလုပ်သွားမှာလည်း ဖြစ်ပါတယ်။ မနက်ဖြန် ဇန်နဝါရီ ၁၃ ရက်နေ့ဟာ ၂၇၆၀ ပြည့်နှစ် ကရင်အမျိုးသားနှစ်သစ်ကူးနေ့ ဖြစ်ပါတယ် ။ Credit: 7Day