
အီရန်နဲ့ အာဖဂန် နယ်စပ်မှာ လောင်စာတင် ထရပ်ကား ပေါက်ကွဲမှုကြောင့် ကား ၅၀၀ ကျော် မီးလောင်၊သတင်းထောက်ကို ခြိမ်းခြောက်မိတဲ့ အိမ်ဖြူတော် အရာရှိ ရာထူးက နုတ်ထွက်၊ထိုင်းမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ်၊ဆိုမာလီယာမှာ သမ္မတ အိမ်တော်နား ကားဗုံးပေါက်ကွဲမှု ဖြစ်ပွား၊AstraZenecaရဲ့ ကာကွယ်ဆေးကို ကလေးတွေမှာ စမ်းသပ်ထိုးနှံမှု စတင်တော့မယ်လို့ ကြေညာစတဲ့နောက်ဆုံးရနိုင်ငံတကာသတင်းတွေကို တင်ဆက်လိုက်ပါတယ်။ ဒီနေ့နောက်ဆုံးရနိုင်ငံတကာသတင်း အီရန်နဲ့ အာဖဂန် နယ်စပ်မှာ လောင်စာတင် ထရပ်ကား ပေါက်ကွဲမှုကြောင့် ကား ၅၀၀ ကျော် မီးလောင် အီရန်နဲ့ အာဖဂန်နစ္စတန် နှစ်နိုင်ငံ နယ်စပ်နားမှာ လောင်စာတင် ထရပ်ကားတစ်စီး ပေါက်ကွဲမှုကြောင့် ကားအစီးရေ ၅၀၀ ကျော် မီးလောင် ပျက်စီးခဲ့ကြောင်း သိရပါတယ်။ အကောက်ခွန်ဌာန ခြံဝန်းထဲမှာ ရပ်ထားတဲ့ ဆီတင်ထရပ်ကားက ဖေဖော်ဝါရီ ၁၃ ရက်မှာ ပေါက်ကွဲမှု ဖြစ်ခဲ့တာလို့ အာဖဂန် အာဏာပိုင်တွေက ပြောပါတယ်။ အာဖဂန် အနောက်ပိုင်း ဟီရတ်ဒေသက အစ္စလာမ် ကွာလမ်မြို့မှာ ဖြစ်ပွားတဲ့ ပေါက်ကွဲမှုအပြီး အနီးတဝိုက်မှာ ရပ်ထားတဲ့ ကားတွေကိုပါ အလျင်အမြန် မီးကူးစက် ပျံ့နှံ့သွားခဲ့တာလို့ မျက်မြင်တွေက ပြောပါတယ်။ အခင်းဖြစ်တဲ့ နေရာမှာ အမည်းရောင် မီးခိုးလုံးကြီးတွေ ထွက်ပေါ်လာတာကိုလည်း အဝေးကနေ တွေ့မြင်နေရပါတယ်။ ပေါက်ကွဲမှုကြောင့် ထိခိုက်ဒဏ်ရာရသူ ၁၇ ဦးထက် မနည်းကို လက်ခံ ကုသ ပေးခဲ့ရတယ်လို့ ဒေသခံ ဆေးရုံက ထုတ်ပြန်ပါတယ်။ ဒီဖြစ်ရပ်မှာ ထိခိုက်သေပျောက်မှု အရေအတွက် ဘယ်လောက် ရှိသလဲဆိုတာကို အတိအကျ သတင်း အတည်ပြုဖို့ ခက်ခဲနေဆဲပါ။ ပေါက်ကွဲမှု ဖြစ်ပွားရာ နေရာတဝိုက်က ကားတွေထဲ ပိတ်မိနေသူ တချို့လည်း ရှိနိုင်တယ်လို့ မီးသတ် တပ်ဖွဲ့က ပြောပါတယ်။ အီရန် အစိုးရကလည်း ဒီဖြစ်စဉ်နဲ့ ပတ်သက်လို့ နယ်စပ်ဖြတ်ကျော်ပြီး အကူအညီတွေ စေလွှတ် ပေးပို့သွားမယ်လို့ ကြေညာခဲ့ပါတယ်။ အီရန်နဲ့ အာဖဂန်တို့ကြား ကုန်စည် ကူးသန်း ရောင်းဝယ်တဲ့ လမ်းကြောင်းတွေမှာ လောင်စာတင် ထရပ်ကားကြီးတွေ မကြာခဏ သွားလာလေ့ ရှိကြောင်းလည်း သိရပါတယ်။ သတင်းထောက်ကို ခြိမ်းခြောက်မိတဲ့ အိမ်ဖြူတော် အရာရှိ ရာထူးက နုတ်ထွက် သတင်းထောက် တစ်ဦးကို ခြိမ်းခြောက်တဲ့ သဘောမျိုး ပြောဆိုခဲ့တဲ့နောက် အိမ်ဖြူတော် ပြန်ကြားရေး အရာရှိ တစ်ဦး ရာထူးက နုတ်ထွက် သွားခဲ့ရပါတယ်။ အိမ်ဖြူတော်ရဲ့ ဒုတိယ ပြန်ကြားရေး အရာရှိချုပ် တီဂျေ ဒက်ကလိုဟာ ရာထူးက ဆိုင်းငံ့ ခံရတဲ့ နေ့မှာပဲ နုတ်ထွက်စာ တင်သွားခဲ့တာ ဖြစ်ပါတယ်။ ဒက်ကလိုဟာ သူ့ရဲ့ လူမှုရေး ကိစ္စတစ်ခုကို စုံစမ်းနေတဲ့ Politico သတင်းထောက် အမျိုးသမီး တာရာ ပယ်လ်မီရီကို လိင်ပိုင်းဆိုင်ရာ ခွဲခြားစော်ကားတဲ့ စကားမျိုး ပြောခဲ့သလို ပယ်လ်မီရီ ဘဝပျက်သွားအောင် လုပ်ပစ်မယ်လို့ ခြိမ်းခြောက်ခဲ့ကြောင်း Vanity Fair သတင်းဌာနက ဖော်ပြခဲ့ပါတယ်။ ဒီဖြစ်ရပ် အပြီးမှာတော့ ဖေဖော်ဝါရီ ၁၂ ရက်မှာ ဒက်ကလိုကို ရာထူးက ယာယီ ဆိုင်းငံ့ခဲ့ပြီး အဲဒီနေ့မှာပဲ သူကိုယ်တိုင် နုတ်ထွက်သွားခဲ့တာပါ။ ဒက်ကလိုက သူ့ရဲ့ လုပ်ရပ်အတွက် အကြီးအကျယ် အရှက်ရမိကြောင်း၊ အိမ်ဖြူတော်က လုပ်ဖော်ကိုင်ဖက်တွေနဲ့ သမ္မတ ဂျိုးဘိုင်ဒန်ကို စိတ်ပျက်စေခဲ့တဲ့ အတွက်လည်း အားနာမိကြောင်း ပြောကြားခဲ့ပါတယ်။ သူ့အမှားကို အကြောင်းပြ ဖြေရှင်းနိုင်မယ့် စကားလုံးမျိုးလည်း ရှာမတွေ့ဘူးလို့ ဒက်ကလိုက ဆိုပါတယ်။ ဘိုင်ဒန်ကတော့ သူနဲ့ အလုပ်တွဲလုပ်နေတဲ့သူ ဖြစ်ရင်လည်း လုပ်ဖော်ကိုင်ဖက်တွေအပေါ် ဘောင်ကျော်တဲ့ ဆက်ဆံမှုမျိုး ရှိခဲ့ရင် အဲဒီအတွက် မလွဲမသွေ တာဝန်ခံရစေမယ်လို့ သတိပေးထားပါတယ်။ ထိုင်းမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး ဆန္ဒပြသူတွေနဲ့ ရဲတပ်ဖွဲ့ ပဋိပက္ခဖြစ် ထိုင်းနိုင်ငံမှာ ဘုရင်စနစ် ပြုပြင်ပြောင်းလဲရေး လှုပ်ရှားသူတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကြား ပဋိပက္ခ ဖြစ်ပွားခဲ့ကြောင်း သိရပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်မှာ ဆန္ဒပြသူတွေက ဘန်ကောက်မြို့ထဲမှာ ရှိနေတဲ့ အထိမ်းအမှတ် ရုပ်တုကြီး တစ်ခုပေါ် တွယ်တက်ပြီး အနီရောင် အဝတ်နဲ့ ဖုံးအုပ်ခဲ့ကြပါတယ်။ ဆန္ဒပြသူတွေက ထိုင်းမှာ ဘုရင်နဲ့ တော်ဝင် မိသားစုကို ဝေဖန်မိရင် နှစ်ရှည် ထောင်ဒဏ်တွေထိ ချမှတ်နိုင်တဲ့ ဥပဒေကို အလိုမရှိကြောင်း တောင်းဆိုခဲ့ကြတာ ဖြစ်ပါတယ်။ ဆန္ဒပြသူတွေကို ဖြိုခွင်းဖို့ ကြိုးစားတဲ့ ရဲတွေကိုလည်း ရောင်စုံ သုတ်ဆေးတွေနဲ့ လှမ်းပက်ခဲ့တာ တွေ့ရပါတယ်။ ရုတ်ရုတ်သည်းသည်း အခြေအနေတွေအတွင်း ပတ်ဝန်းကျင်မှာ သံပုံးတီးသံတွေ ဆူညံနေတာကိုလည်း ကြားနေရပါတယ်။ ဒါဟာ အိမ်နီးချင်း မြန်မာနိုင်ငံမှာ အာဏာသိမ်းယူမှုကို ဆန့်ကျင်တဲ့ ပြည်သူ့လှုပ်ရှားမှုကို အတုယူထားတာ ဖြစ်ပါတယ်။ အထိမ်းအမှတ် ရုပ်တုကို အုပ်လိုက်တဲ့ အဝတ်စရဲ့ အနီရောင် ဆိုတာက ဒီမိုကရေစီ လှုပ်ရှားသူတွေ ကျခဲ့တဲ့ သွေးစက်တွေကို ရည်ညွှန်းတာလို့ ဆန္ဒပြသူတွေက ပြောပါတယ်။ ကပ်ရောဂါ ကူးစက်မှု အသစ်တွေ ခေါင်းထောင်လာခြင်းနဲ့အတူ ထိုင်းမှာ ဝန်ကြီးချုပ် ပယာရွတ်သ် ချန်အိုချာရဲ့ အစိုးရနဲ့ တော်ဝင် မိသားစုကို ဆန့်ကျင်တဲ့ ဆန္ဒပြ လှုပ်ရှားမှုတွေလည်း အရှိန်လျော့စ ပြုလာပါတယ်။ တစ်ဖက်မှာလည်း ဆန္ဒပြသူတွေက ဖမ်းဆီး ထိန်းသိမ်း ခံထားရတဲ့ လုပ်ဖော်ကိုင်ဖက်တွေကို လွှတ်မပေးရင် ပိုပြီး ကျယ်ကျယ်ပြန့်ပြန့် ဆန္ဒပြ လှုပ်ရှားသွားမယ်လို့ အာဏာပိုင်တွေကို သတိပေးထားပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက် ညပိုင်းက ဆန္ဒပြသူတွေဟာ ဘန်ကောက်မှာရှိတဲ့ တော်ဝင်နန်းတော်ထိ ချီတက်ဖို့ ကြိုးစားခဲ့ပေမယ့် ရဲတွေက အတားအဆီးတွေ ချပြီး လမ်းပိတ် ဟန့်တားထားတာကြောင့် မအောင်မြင်ခဲ့ဘူးလို့လည်း သိရပါတယ်။ ဆိုမာလီယာမှာ သမ္မတ အိမ်တော်နား ကားဗုံးပေါက်ကွဲမှု ဖြစ်ပွား ဆိုမာလီယာ နိုင်ငံမှာ သမ္မတ အိမ်တော်နား ကားဗုံး ပေါက်ကွဲမှု ဖြစ်ပွားပြီး လူ ၆ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဖေဖော်ဝါရီ ၁၃ ရက်က မိုဂါဒစ်ရှူး မြို့တော်က သမ္မတ အိမ်တော်နားမှာ ပေါက်ကွဲမှု ဖြစ်ခဲ့ကြောင်း အစိုးရ ပြောရေးဆိုခွင့်ရ အရာရှိ မိုဟာမက် အီဘရာဟင်မ် မိုလီမူးက ပြောကြားခဲ့ပါတယ်။ ကားဗုံး ပေါက်ကွဲသံကြီး အပြီးမှာ သေနတ်သံ တချို့ကိုလည်း ကြားခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ လုံခြုံရေး တပ်ဖွဲ့ကတော့ ဒါဟာ အသေခံ ဗုံးခွဲမှု တစ်ခုလို့ ကနဦး ယူဆထားကြောင်း ကြေညာခဲ့ပါတယ်။ ဆိုမာလီယာမှာ အစွန်းရောက် အစ္စလာမ်မစ် စစ်သွေးကြွအဖွဲ့ အယ်လ်ရှာဘက်ဘ်က အင်အားကောင်းကောင်းနဲ့ လှုပ်ရှားနေသလို အရင်ကလည်း အကြမ်းဖက် တိုက်ခိုက်မှုတွေ ကျူးလွန်ခဲ့ဖူးပါတယ်။ အခုဖြစ်စဉ်မှာလည်း မသင်္ကာစရာ ကားကို မြင်ကတည်းက စစ်တပ်က ကြိုတင် လက်ဦးမှုယူ ပစ်ခတ်ခဲ့ပြီး အနီးတဝိုက်မှာ ထိခိုက်မှု အနည်းဆုံး ဖြစ်အောင် ကာကွယ်နိုင်ခဲ့ကြောင်း ကြေညာပါတယ်။ ဒါပေမဲ့ မှတ်တမ်း ဗီဒီယိုတွေ အရတော့ ထိခိုက်ပျက်စီးမှုတွေ ဖြစ်ခဲ့တဲ့ ဧရိယာက အတော်လေး ကျယ်ဝန်းပြီး အနီးတဝိုက်က ကားတွေပါ မီးလောင်ကုန်တာ တွေ့ရပါတယ်။ ကနဦး အခြေအနေမှာ လူ ၆ ဦး ဒဏ်ရာရကြောင်း သတင်းတွေက ဖော်ပြပေမယ့် နောက်ထပ် အထိအခိုက် အသေအပျောက် အရေအတွက် တိုးလာနိုင်ကြောင်းလည်း သိရပါတယ်။ AstraZenecaရဲ့ ကာကွယ်ဆေးကို ကလေးတွေမှာ စမ်းသပ်ထိုးနှံမှု စတင်တော့မယ်လို့ ကြေညာ ဗြိတိန် ကုမ္ပဏီ AstraZenecaက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို ကလေးတွေမှာပါ စတင် စမ်းသပ် ထိုးနှံတော့မယ်လို့ သိရပါတယ်။ AstraZenecaနဲ့ ပူးပေါင်းပြီး ဒီဆေးကို တီထွင်ထားတဲ့ အောက်စ်ဖို့ဒ် တက္ကသိုလ် ပညာရှင်တွေက လူငယ်ပိုင်းမှာ ဆေးစမ်းသပ်မယ့် အစီအစဉ် စတင်တော့မယ်လို့ ဖေဖော်ဝါရီ ၁၃ ရက်မှာ အတည်ပြုခဲ့ပါတယ်။ ဒီဆေးကို စမ်းသပ်တဲ့ အခါမှာ အသက် ၁၈ နှစ်အထက် အရွယ်တွေပဲ ပါဝင်တာကြောင့် ကလေးတွေမှာ ဆေးထိုးတာနဲ့ ပတ်သက်တဲ့ သိပ္ပံနည်းကျ သုတေသန အချက်အလက်တွေ မရှိသေးပါဘူး။ ဒီအတွက်လည်း အသက် ၁၈ နှစ်အောက် လူငယ်တွေမှာ ဒီဆေးကို ထိုးမပေးဖို့ ညွှန်ကြားထားပါတယ်။ အခုတော့ အသက် ၆ နှစ်နဲ့ ၁၇ နှစ်ကြား အသက်အရွယ်မှာ ကာကွယ်ဆေး စမ်းသပ် ထိုးနှံဖို့ အောက်စ်ဖို့ဒ် တက္ကသိုလ်က ကြေညာခဲ့ပါတယ်။ ကလေးတွေမှာ ကာကွယ်ဆေး စမ်းသပ်မယ့် ပထမအသုတ်မှာ အရေအတွက် ၃၀၀ ပါဝင်ပြီး လန်ဒန်၊ ဆောက်သမ်တန်နဲ့ ဘရစ္စတိုလ် မြို့တွေမှာ ပြုလုပ်သွားမှာ ဖြစ်ပါတယ်။ ကလေးတွေမှာ ကာကွယ်ဆေး စမ်းသပ်မှုကို ဖေဖော်ဝါရီ လကုန်ပိုင်းမှာ စတင်နိုင်မယ်လို့ မျှော်လင့်ထားပါတယ်။ AstraZenecaရဲ့ ကာကွယ်ဆေးဟာ တောင်အာဖရိကမှာ စတင်တွေ့ရှိတဲ့ ကိုရိုနာဗိုင်းရပ်စ် မျိုးကွဲအတွက် ကာကွယ်နိုင်စွမ်း လျော့နည်းသွားနိုင်တယ် ဆိုပေမယ့်လည်း ကမ္ဘာအနှံ့မှာ ကျယ်ကျယ်ပြန့်ပြန့် ထိုးနှံဖို့ ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး (WHO)က ထောက်ခံထားပါတယ်။ အမေရိကန် ကုမ္ပဏီတွေ ဖြစ်တဲ့ Pfizerနဲ့ Modernaတို့ကလည်း သူတို့ရဲ့ ကာကွယ်ဆေးတွေကို လူငယ်တွေနဲ့ ကလေးတွေမှာ စမ်းသပ်တဲ့ အစီအစဉ်တွေ စတင်နေပြီ ဖြစ်ပါတယ်။ Credit: