
တရုတ်ရဲ့ CoronaVac ကာကွယ်ဆေးက ရောဂါကာကွယ်နိုင်စွမ်း ၆၀ ရာခိုင်နှုန်းအောက်သာ ရှိနိုင်တယ်လို့ဆို ဇန်နဝါရီ - ၁၂၊ ၂၀၂၁ တရုတ်နိုင်ငံက ထုတ်လုပ်တဲ့ Covid-19 ရောဂါ ကာကွယ်ဆေး CoronaVacဟာ ရောဂါ ကာကွယ်နိုင်စွမ်း ၆၀ ရာခိုင်နှုန်းတောင် မရှိဘူးဆိုတဲ့ သတင်းတွေ ထွက်ပေါ်လာပါတယ်။ အဲဒီ ကာကွယ်ဆေးကို တရုတ် ဆေးသုတေသန ကုမ္ပဏီကြီး Sinovacက ထုတ်လုပ်ထားတာပါ။ ဘရာဇီး နိုင်ငံမှာ အဲဒီဆေးကို လက်တွေ့ စမ်းသပ်ခဲ့တဲ့ ရလဒ်တွေကို ပြန်လည် စိစစ် ပြုစုထားတဲ့ အစီရင်ခံစာအရ ဆေးရဲ့ ရောဂါ ကာကွယ်နိုင်စွမ်းဟာ ၆၀ ရာခိုင်နှုန်းအောက်သာ ရှိနိုင်တယ်လို့ ပြည်တွင်း သတင်းဌာန UOLက ဖော်ပြခဲ့ပါတယ်။ ကာကွယ်ဆေး စမ်းသပ်မှု သုတေသန ရလဒ်တွေကို ကိုယ်တိုင် တွေ့မြင်ခဲ့သူ နှစ်ဦးက အခုကိစ္စကို UOLဆီ အတည်ပြု ပြောကြားခဲ့တာလို့ ဆိုပါတယ်။ ရာဇီးမှာ Sinovacဟာ ဆာအိုပေါ်လို အခြေစိုက် Butantan ဇီဝဆေးပညာ စင်တာနဲ့ ပူးပေါင်းပြီး CoronVac ဆေးဝါးကို လက်တွေ့ စမ်းသပ်မှုတွေ ပြုလုပ်ခဲ့ပါတယ်။ Sinovac အနေနဲ့ ဒီဆေးကို ဘရာဇီးမှာ အရေးပေါ် အသုံးပြုခွင့် ရဖို့အတွက် ဆေးဝါးစိစစ်မှုဌာနဆီက ခွင့်ပြုချက်ကို လျှောက်ထားသွားမှာဖြစ်ပြီး စမ်းသပ်မှု အချက်အလက်တွေကို မကြာခင် ထုတ်ပြန်သွားဖွယ် ရှိနေပါတယ်။ Sinovacက ဘရာဇီး အခြေစိုက် စမ်းသပ်မှုတွေအရ သူတို့ကာကွယ်ဆေးရဲ့ ရောဂါ ကာကွယ်နိုင်စွမ်းနဲ့ ပတ်သက်လို့ ရှင်းရှင်းလင်းလင်း မကြေညာသေးပေမယ့် UOLရဲ့ ဖော်ပြချက်ကတော့ ထင်ကြေးတွေ အများကြီးအပေါ် အခြေခံထားပြီး ခိုင်မာမှု မရှိကြောင်း တုံ့ပြန်ခဲ့ပါတယ်။ အင်ဒိုနီးရှားမှာ ပြုလုပ်တဲ့ စမ်းသပ်မှုတွေမှာတော့ CoronaVacရဲ့ ရောဂါ ကာကွယ်နိုင်စွမ်းဟာ ၆၅.၃ ရာခိုင်နှုန်းလောက် ရှိတယ်လို့ ကောက်ချက်ချထားပါတယ်။ တရုတ်ရဲ့ ပြိုင်ဘက် အမေရိကန် ကုမ္ပဏီတွေဖြစ်တဲ့ Pfizerနဲ့ Modernaတို့က ထုတ်လုပ်တဲ့ ကာကွယ်ဆေး နှစ်မျိုးကတော့ ရောဂါ ကာကွယ်နိုင်စွမ်း ၉၅ ရာခိုင်နှုန်းလောက်ထိ စွမ်းဆောင်ရည် မြင့်မားကြောင်း ကြေညာထားပါတယ်။