
စက်သုံးဆီတင်သွင်းမှုရှိနေဆဲဖြစ်၊ ဈေးတက်ခြင်းသည် ဒေါ်လာဈေးနှင့် ရေနံဈေးကြောင့်ဟုအသင်း၏အတွင်းရေးမှူးပြော ရန်ကုန်- ၂၀၂၁ ဖေဖော်ဝါရီ ၂၀ (မော်ကွန်း) ပြည်ပမှ လောင်စာဆီတင်သွင်းနေဆဲဖြစ်ပြီး ကမ္ဘာ့ရေနံစျေးနှင့် ဒေါ်လာစျေးတက်ခြင်းကြောင့် ပြည်တွင်းစက်သုံးဆီစျေးနှုန်းမြင့်လာခြင်းဖြစ်ကြောင်း မြန်မာနိုင်ငံစက်သုံးဆီလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူးက မော်ကွန်းကို ပြောသည်။ ပြည်တွင်းစက်သုံးဆီစျေးနှုန်းသည် စစ်တပ်အာဏာသိမ်းသည့် ဖေဖော်ဝါရီ ၁ ရက်မှစတင်၍ ဆက်တိုက်မြင့်တက်လာခဲ့ရာ ယနေ့အထိ ရက်ပေါင်း ၂၀ အတွင်း စက်သုံးဆီတစ်လီတာလျှင် ကျပ် ၁၂၀ အထိ ခုန်တက်လာသည်ကိုတွေ့ရသည်။ " အဓိက ဆီစျေးတက်တာကတော့ နိုင်ငံခြားဆီစျေးတက်လာတယ်။ ဆီတင်သွင်းမှုကတော့ ရှိနေဆဲပါပဲ" ဟု စက်သုံးဆီလုပ်ငန်းရှင်များအသင်း၏ အတွင်းရေးမှူးဖြစ်သူ ဦးဝင်းမြင့်က ပြောသည်။ ဖေဖော်ဝါရီ ၁ ရက်မှစ၍ ပြည်တွင်း၌ ဒေါ်လာစျေးသည် တစ်ရာကျော် ခုန်တက်သွားခဲ့ပြီး ရေနံစျေးသည်လည်း တက်လာခြင်းကြောင့် ယခုအခါ စက်သုံးဆီဈေးနှုန်းတတ်လာခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ ထို့အပြင် ယခင်က နေ့စဉ်အဝင်ရှိတတ်သည့် စက်သုံးဆီသင်္ဘောများသည် စစ်တပ်အာဏာသိမ်းမှု ဖြစ်ပေါ်ပြီးနောက်ပိုင်းရက်များတွင် အဝင်နည်းသွားသည်ကိုတွေ့ရှိရပြီး ဖေဖေါ်ဝါရီ ၁၂ မှ ၁၅ ရက်အတွင်း တစ်စီးမှအဝင်မရှိတော့ပေ။ အသင်းဝင်တစ်ဦးဖြစ်သူ စက်သုံးဆီလုပ်ငန်းရှင် ဦးထင်အောင်ကျော်ကမူ ယခင်ကတည်းက ကြိုတင်ဝယ်ယူထားသည့် လောင်စာဆီများ ထပ်မံဝင်ရောက်လာရန်ရှိသော်လည်း ဘဏ်လုပ်ငန်းများ ရပ်တန့်နေသည့်အတွက် နောက်ထပ်လောင်စာဆီမှာယူရန် အခက်အခဲဖြစ်နိုင်သည်ဟု လက်ရှိအခြေအနေများအပေါ် မှတ်ချက်ပြုသည်။ သို့သော် တစ်ချို့သော စက်သုံးဆီလုပ်ငန်းရှင်များကမူ စစ်တပ်အာဏာသိမ်းမှုကြောင့် ပြည်တွင်းဒေါ်လာဈေး တစ်ရှိန်ထိုးမြင့်တက်နေရာ ဒေါ်လာနှင့်ဝယ်ယူရသည့် စက်သုံးဆီဈေးသည်လည်း မြင့်က်ရခြင်းဖြစ်ကြောင်း ပြောကြသည်။ ထို့အပြင် စက်သုံးဆီဈေးမြင့်တက်မှု၏ နောက်ဆက်တွဲအဖြစ် သယ်ယူပို့ဆောင်ရေးစရိတ်များမြင့်တက်ကာ ကုန်ဈေးနှုန်းမြင့်တက်မှုများလည်း ဖြစ်ပေါ်လာနိုင်ကြောင်း သူတို့က သုံးသပ်ကြသည်။ Credit: