
Update News.... "ပဲခူးတွင် ဆန္ဒပြနေသူတစ်ဦးရုတ်တရက်သေဆုံး" ရန်ကုန် - ပဲခူးမြို့တွင် အာဏာရှင်စနစ်ဆန့်ကျင်ရေးငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ရာတွင် ပါဝင်နေသည့် မီးရထားဝန်ထမ်း တစ်ဦး ယနေ့နံနက်က ဆန္ဒပြပွဲအတွင်း မူးလဲကာ ကွယ်လွန်ခဲ့ကြောင်း ပဲခူးမြို့မှ မြို့စားကြီးဖောင်ဒေးရှင်းတည်ထောင်သူ ကိုထွေးက အတည်ပြုသည်။ အာဏာရှင်စနစ်ဆန့်ကျင်ရေး ဆန္ဒပြနေစဉ် ကွယ်လွန်ခဲ့သူမှာ မြန်မာ့မီးရထား ပါဝါ/လျှပ်စစ်ဌာနမှ အသက် ၄၄နှစ်အရွယ် ဦးမျိုးမင်းထွန်း ဖြစ်ကြောင်း၎င်းကပြောသည်။ မီးရထားဝန်ထမ်း ဦးမျိုးမင်းထွန်းသည် CDMတွင်ပါဝင်နေသူ ဝန်ထမ်းတစ်ဦးလည်း ဖြစ်ပြီး စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေး ဆန္ဒပြပွဲများတွင် နေ့စဉ်လိုက်ပါ နေသူတစ်ဦးဖြစ်ကြောင်း ပဲခူးမြို့ဒေသခံများကပြောသည်။ "သပိတ် စစ်ကြောင်းထဲမှာမူးလဲရင်းနဲ့ လမ်းမှာတခါတည်း အသက်ပါသွားတာ၊ သူကအစကတည်းက CDM မှာပါတယ်၊သပိတ်စစ်ကြောင်းတွေလည်း တောက်လျှောက်လိုက်တယ်" ဟု ယနေ့ပဲခူးမြို့ လူထု ဆန္ဒပြပွဲအတွင်း ပါဝင်ခဲ့သူတစ်ဦးကပြောသည်။ ယနေ့တွင် ၂ငါးလုံး လှုပ်ရှားမှုအဖြစ် နိုင်ငံတဝန်း စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်မှုများ ရှိနေပြီး ပဲခူးမြို့တွင်လည်း လုဦးရေသိန်းချီပါဝင်ကာ ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ (ယနေ့ ပဲခူးမြို့တွင် ချီတက်ဆန္ဒပြနေသူများကိုတွေ့ရစဥ် ဓါတ်ပုံ - Soe Lwin Kyaw-Photo/FB) Credit: