
စစ်အာဏာရှင် အလိုမရှိကြောင်း ဘားအံတွင် ထိုင်သပိတ်ဆန္ဒပြ DVB ကရင်ပြည်နယ်၊ ဘားအံမြို့၊ ကန်သာယာ (ညစျေး)မှာ မတရားစစ်အာဏာသိမ်းယူမှုကို အလိုမရှိကြောင်း မြို့ခံပြည်သူ ၃၀၀ လောက်က ထိုင်သပိတ်ပြုလုပ်ကာ ဆန္ဒပြခဲ့ကြပါတယ်။ ဆန္ဒပြပွဲမှာ ကိုယ်တိုင်ပါဝင်တဲ့ ပညာရေးဝန်ထမ်းတစ်ဦးက “ဝန်ထမ်းတွေလည်း အမှန်တရားကိုသိပြီး သတ္တိရှိရှိနဲ့ ကျမတို့နဲ့ ပူးပေါင်းပေးစေချင်တယ်။ စစ်အာဏာရှင်အောက်မှာ မနေနိုင်ဘူး။ CDM အောင်မြင်ဖို့က အရေးကြီးတယ်။ အာဏာရှင်ပြုတ်ဖို့ ရတဲ့နည်းနဲ့ တော်လှန်သွားရမယ်” လို့ ပြောပါတယ်။ ဆန္ဒပြသပိတ်စစ်ကြောင်းဟာ နာရီစင်စုရပ်ကနေ အ.ထ.က ၁ ကျောင်းလမ်းအတိုင်း ကန်သာယာ(ညစျေး)အထိ ကြွေးကြော်သံတွေနဲ့ ငြိမ်းချမ်းစွာ စီးတန်းလှည့်လည် ဆန္ဒပြ တောင်းဆိုခဲ့တာပါ။ သပိတ်စစ်ကြောင်းမှာ ဆရာ၊ ဆရာမတွေ၊ ကျောင်းသား ကျောင်းသူတွေ၊ အင်ဂျင်နီယာတွေ၊ ဘဏ်ဝန်ထမ်းတွေ၊ မြို့ခံပြည်သူတွေ ပါဝင်ဆန္ဒပြခဲ့ကြသလို ဆန္ဒပြပွဲမှာ G-Z လူငယ်တေးဂီတအဖွဲ့က ဂုဏ်ပြုတေးသီချင်းတွေနဲ့ သီဆိုကြပါတယ်။ ထိုင်သပိတ်ဆန္ဒပြနေစဉ် ရဲတပ်ဖွဲ့ဝင်တွေက အသံချဲ့စက်အသုံးပြုပြီး လူစုခွဲပေးဖို့ ဟန့်တားတာတွေရှိပေမဲ့ ဆန္ဒပြပွဲကို ပြီးဆုံးတဲ့အထိ ကြွေးကြော်သံတွေနဲ့ ထိုင်သပိတ် ပြုလုပ် ဆန္ဒပြခဲ့ပါတယ်။ Credit: