
နှစ်သစ်ကူးပွဲတော် (Lunar New Year) အကြိုအဖြစ် တရုတ်နိုင်ငံ၊ ဟန်ကျိုးမြို့ရှိ ဟော်တယ်တစ်ခုတွင် အစားအသောက်များထဲ ရေကူးနိုင်မည့်အပြင် အဆိုပါအစားအသောက်များကို စားသုံးနိုင်မည့် (Spicy Hot-Pot Spring – ပူပူစပ်စပ်ဟော့ပေါ့ရေပူစမ်း) ကို မိတ်ဆက်ခဲ့သည်။ အဆိုပါ ရေပူစမ်း(ရေကူးကန်)သည် အကန့်ကိုးကန့် ပါဝင်ပြီး အကန့်တစ်ခုချင်းစီတွင် မတူညီသော အစားအသောက်များ (ဥပမာ- အသား၊ အသီးအရွက်) တို့ကို ရေနွေးနွေးတွင် စိမ်ထားသည်။ ကန်၏ ဘေးဘက်တွင် ဟော့ပေါ့အိုးများကို ချပေးထားပြီး မတူညီသော အရသာရည်များကို အိုးထဲတွင် ထည့်သွင်းပေးထားသည်။ ဧည့်သည်များအနေဖြင့် အစားအသောက်များမျောနေသော ကန်ထဲတွင် ဝင်စိမ်ပြီး စားလိုရာအစားအသောက်တို့ကို ဟော့ပေါ့အိုးထဲ ထည့်လိုက်ရုံသာဖြစ်သည်။ ထို့ပြင် အသားငါးမစားလိုသူများအတွက် နှင့် အချိုတည်းလိုသူများအတွက်လည်း Fresh Fruit Pool များကိုလည်း စီစဉ်ထားသည်။ ဟော့ပေါ့ကန်နှင့်မတူသည်မှာ အဆိုပါကန်များထဲတွင် လတ်ဆတ်သော အသီးအနှံများကို စိမ်ထားခြင်းဖြစ်သည်။ ရေနွေးနွေးဖြင့်အစားအသောက်များကို စိမ်ရသည့်အတွက် အဆိုပါရေများမှာ အနွေးဓာတ်တစ်ခုတော့လိုအပ်မည်ဖြစ်သည်။