No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

Update News. တပ်မတော်ထောက်ခံသူဆိုသူများက ရပ်ကွက်နေပြည်သူများနှင့် သတင်းထောက်များကို တိုက်ခိုက် -ရပ်ကွက်နေပြည်သူ ၂၀ကျော် ထိခိုက်ဒဏ်ရာရ ရန်ကုန် - တပ်မတော်ထောက်ခံသူဟုဆိုသူများက ယနေ့နံနက်တွင် ဆူးလေဘုရားအနီးလှည့်လည်ရာ ၎င်းတို့က ရန်ကုန်ဘူတာကြီးအနီးရှိ ရပ်ကွက်အတွင်းမှပြည်သူများ၊ ဆူးလေဘုရားအနီးတစ်ဝိုက်နေထိုင်သည့် ပြည်သူများနှင့် သတင်းရယူနေသည့် သတင်းထောက်များအား တုတ်၊ဓား၊လက်နက်များဖြင့် တိုက်ခိုက်ရာ ရပ်ကွက်နေပြည်သူ ၂၆ဦးထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း အဆိုပါဖြစ်စဉ်ကိုကြုံတွေ့ခဲ့သူများက ပြောသည်။ တပ်မတော်ထောက်ခံသူဟုဆိုသူများက ဆူးလေဘုရားအနီးတွင် စုရုံးလှည့်လည်ခဲ့ပြီး ဘူတာကြီးဘက်သို့ ပြန်လည်ထွက်ခွာစဉ် ဗိုလ်ချုပ်လမ်းနှင့် ဆူးလေဘုရားလမ်းဆုံရှိ ပြည်သူများနှင့်သတင်းထောက်များအား အကြမ်းဖက်တိုက်ခိုက်၍ ထိခိုက်ဒဏ်ရာရရှိသူအချို့ရှိခဲ့သည်။ ထို့အပြင် ကားပိတ်ရပ်သည်ဟုဆိုကာ မီးပွိုင့်တွင်ပိတ်မိနေသည့် မော်တော်ယာဉ်အချို့ကိုဖျက်စီးခဲ့ပြီး ယာဉ်မောင်းကိုလည်း ထိုးကြိတ်ခဲ့သည်။ " ကျွန်တော်တို့ကားတွေကမီးပွိုင့်မှာပိတ်မိနေတာကို သူတို့လာတဲ့စစ်ကြောင်းနဲ့မလွတ်လို့ဆိုပြီးတော့ ကားမှန်ရိုက်ခွဲသွားတယ်၊လူကိုလည်းထိုးသွားတယ်၊ဖုန်းတလုံးလည်းပါသွားတယ်" ဟု ကားရှေ့မှန်ဖျက်စီးခံရပြီး ကိုယ်တိုင်ထိုးကြိတ်ခံခဲ့ရသည့် ယာဉ်မောင်းတစ်ဦးက ပြောသည်။ ထို့အပြင် တပ်မတော်ထောက်ခံပွဲတွင် ပါဝင်သူများက ဘူတာကြီးအနီးရှိ သိမ်ဖြူမီးရထားရပ်ကွက်နေ ပြည်သူများကိုလည်း အကြမ်းဖက်တိုက်ခိုက်ခဲ့ရာ ရပ်ကွက်နေပြည်သူ ၂၆ ဦးထိခိုက်ဒဏ်ရာရခဲ့ကြောင်း အဆိုပါ ရပ်ကွက်အတွင်း နေထိုင်သူများက ပြောသည်။ ရပ်ကွက်နေအမျိုးသမီးများက တပ်မတော်ထောက်ခံသည်ဟုဆိုသူများအား ရပ်ကွက်အတွင်းဝင်ရောက်မည်ကို စိုးရိမ်၍ သံပုံးများတီးနေစဉ် အုတ်ခဲ၊ဝက်အူလှည့်၊တုတ်၊ဓား စသည်တို့ဖြင့် ရန်ပြုတိုက်ခိုက်ရန် ကြိုးပမ်းခဲ့သည်ဟု ဖြစ်စဉ်ကို ကိုယ်တိုင်ကြုံတွေ့ခဲ့သည့် ဒေါ်လေးလေးထွန်းက ပြောသည်။ " ပါတီနာမည်တပ်ဆဲပြီးတော့ရန်စတယ်၊ အန်တီတို့က ရပ်ကွက်ထဲဝင်လာမှာဆိုးလို့သံပုံးတီးကြတာ၊ မိန်းကလေး တွေချည်းပဲ၊သူတို့ပစ်ကြခတ်ကြလို့ ဒီမိန်းကလေးတွေဒဏ်ရာရကြတော့ ယောက်ျားလေးတွေပါလာကြတာ" ဟု ၎င်းက ဆိုသည်။ ထိုသို့ အကြမ်းဖက် တိုက်ခိုက်မှုဖြစ်ပြီးနောက် ရပ်ကွက်နေပြည်သူများက တပ်မတော်ထောက်ခံသူဟုဆိုသူများ လိုက်ပါလာသည့် မော်တော်ယာဉ်အချို့ကို ဝိုင်းဝန်းပိတ်ဆို့ဖမ်းဆီးခဲ့ရာ လူဦးရေ ၅၀ခန့်ကိုခေတ္တ ထိန်းသိမ်းခဲ့ပြီး ရဲတပ်ဖွဲ့ထံ ပြန်လည်အပ်နှံခဲ့သည်။ အဆိုပါ ဖြစ်စဉ်များကြောင့် သိမ်ဖြူမီးရထားရပ်ကွက် အထက်ပန်းဆိုးတန်းလမ်းနှင့် ဗိုလ်မင်းရောင် လမ်းထောင့်တွင် ရပ်ကွက်နေ ပြည်သူများလာရောက်စုရုံးခဲ့ပြီး ရဲတပ်ဖွဲ့ဝင် အင်အားအများအပြားကိုလည်း မွန်းလွဲပိုင်းအထိ တွေ့ရသည်။ မွန်းလွဲ၃နာရီအချိန်တွင် ရပ်ကွက်အတွင်း လူစုကွဲသွားပြီဖြစ်ကာ ရဲတပ်ဖွဲ့ဝင်များလည်းပြန်လည်ထွက်ခွာ သွားပြီဖြစ်သည်။ ရပ်ကွက်အတွင်းကျန်ရစ်ခဲ့သည့် တပ်မတော်ထောက်ခံသည်ဟုဆိုသူများ လိုက်ပါလာသည့် မော်တော်ယာဉ်များကိုလည်း ရဲတပ်ဖွဲ့ထံ ပြည်သူများကပြန်လည် အပ်နှံခဲ့သည်။ ဓာတ်ပုံ - အီးပီအေ Crd: