No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

CDM ပြုလုပ်နေသည့် မလွှကုန်းမီးရထားဝန်ထမ်းမိသားစုများ နေစရာအခက်အခဲကြုံနေရ ရန်ကုန်- ၂၀၂၁ မတ် ၁၂ (မော်ကွန်း) CDM ပြုလုပ်သဖြင့် စစ်သားနှင့်ရဲ အလုံးအရင်းဖြင့် အိမ်ရာကို ဝိုင်းထားခြင်းခံရသော မလွှကုန်းမီးရထားဝန်ထမ်းလိုင်းခန်းများမှ တချို့သော မိသားစုများသည် နေစရာအခက်အခဲကြောင့် ဆွေမျိုးများရှိရာ ကျေးလက် တောရွာများသို့ ပြောင်းရွေ့နေထိုင်ရန် ယနေ့တွင် ပြင်ဆင်နေကြသည်။ ယခင်ရက်များက နီးစပ်ရာ ဘုန်ကြီးကျောင်းများ၊ ရန်ကုန်ရှိ ဆွေမျိုးများရှိရာ နေအိမ်များတွင် နေထိုင်ကြသော်လည်း သတင်းပေးများကြောင့် မလုံမခြုံ ခံစားနေရသည်ဟု ၎င်းတို့က ဆိုသည်။ ကျေးလက်တောရွာသို့ ပြောင်းရွှေ့နေထိုင်ရန် ကားစောင့်နေသည့် CDM ဝန်ထမ်းတစ်ဦးက "ဒီမှာနေလို့ အဆင်မပြေတော့ဘူး။ မလုံခြုံဘူး။ ရွာသွားနေမယ်။ သူတို့(စစ်တပ်) ကိုလည်း မယုံဘူး။ CDM အောင်မြင်ပြီးရင် ပြန်လာခဲ့မယ်" ဟု မော်ကွန်းကို ပြောပြသည်။ သူ့တွင် ဇနီးတစ်ယောက်နှင့် သမီးသုံးယောက် စုစုပေါင်း မိသားစုဝင်ငါးယောက်ရှိပြီး လိုင်းခန်းတွင် ဆက်လက်နေထိုင်ရန် မလုံခြုံခြင်းနှင့် မိသားစုဝင်များသောကြောင့် ဘုန်ကြီးကျောင်းများ၊ တခြားသူများ၏ နေအိမ်တိုက်ခန်းများတွင် ရေရှည်နေထိုင်ရန် အဆင်မပြေခြင်းများ ကြုံနေရကြောင်း သူက ရှင်းပြသည်။ မတ် ၁၀ ရက် မနက်အစောပိုင်းက တပ်မ ၇၇ လက်အောက်ခံ စစ်သားများသည် CDM လုပ်နေသည့် မလွှကုန်းမီးရထားဝန်းထဲသို့ လာရောက်နေရာယူပြီးနောက် ဝန်ထမ်းများသည် ကြောက်လန့်ပြီး နေအိမ်မှ စွန့်ခွာ၍ ဘေးလွတ်ရာသို့ အလျှိုလျှို ပြောင်းရွှေ့နေကြသည်။ မတ်လ ၁၁ တွင် မြန်မာ့မီးရထား၊ အောက်မြန်မာပြည်၊ တိုင်းမန်နေဂျာဖြစ်သူက ဝန်ထမ်းများအား ကြောက်လန့်ထွက်ပြေးစရာမလိုဘဲ ပုံမှန်အတိုင်းသာ နေထိုင်ရန် လိုက်လံမှာကြားခဲ့သည်ဟု ဝန်ထမ်းများက ပြောပြသည်။ သို့သော် ဝန်ထမ်းအများစုသည် ထိုအမှာစကားကို စိတ်ချယုံကြည်မှုမရှိဘဲ လိုင်းခန်းများမှ ဆက်လက်ထွက်ခွာနေကြခြင်းဖြစ်သည်။ ဖေဖော်ဝါရီ ၁ ရက်ကစပြီး မြန်မာ့မီးရထားဝန်ထမ်းများသည် အလုပ်မလုပ်ဘဲ ငြိမ်းချမ်းစွာ အာဏာဖီဆန်သည့်လှုပ်ရှားမှု(CDM) ပြုလုပ်နေခြင်းကြောင့် မြန်မာ့မီးရထားလုပ်ငန်းသည် လုံးဝရပ်တန့်နေသည်။ စစ်တပ်က မလွှကုန်းမီးရထားဝန်းထဲသို့ လာရောက်နေရာယူနေသည်မှာ ယနေ့ဆိုလျှင် သုံးရက်ရှိပြီဖြစ်သည်။ မတ်လ ၁၁ ရက် မနက်အစောပိုင်းက ရထားစက်ခေါင်းတစ်ခုကို စစ်တပ်က ယူမောင်းခဲ့ရာ စက်ရုံဝန်းထဲမှာပင် လမ်းချော်နေခြင်းကြောင့် ယခုအချိန်အထိ ထိုစက်ခေါင်းကို ပြန်မတင်နိုင် ဖြစ်နေသည်ဟု ဝန်ထမ်းများက ပြောသည်။ မလွှကုန်းမီးရထားဝန်းထဲတွင် ဝန်ထမ်းတစ်ထောင်နီးပါးရှိပြီး လူဦးရေ လေးထောင်ကျော်ရှိသည်။ ပုံစာ - လိုင်းခန်းအိမ်မှ ​ပြောင်းရွှေ့ ညအိပ်ရန် ထွက်လာသည့် မောင်နှမ နှစ်ဦးအား မလွှကုန်းဘူတာပေါ်တွင် တွေ့ရစဥ် Credit: