No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

မန္တလေး မဟာမိတ်သပိတ်တပ်ပေါင်းစုများ စစ်အာဏာရှင်ကို ဆက်လက်ဆန့်ကျင် ဆန္ဒပြ မန္တလေး - ၂၀၂၁ မေ ၂၆ (မော်ကွန်း) စစ်တပ်အာဏာသိမ်းမှုကို နေ့စဥ်ရက်ဆက် ဆန္ဒထုတ်ဖော်ဆန့်ကျင်နေတဲ့ မန္တလေးမြို့က မဟာမိတ်တပ်ပေါင်းစုအဖွဲ့ဟာ ဒီကနေ့မှာလည်း ချီတက်ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ချမ်း​​မြသာစည်မြို့နယ် ကျောင်းသားများသမဂ္ဂအဖွဲ့ချုပ်သပိတ်၊ စိန်ပန်းသပိတ်စစ်ကြောင်း၊ သမဝါယမတက္ကသိုလ်ကျောင်းသားကျောင်းသူများ သပိတ် စတဲ့ သပိတ်စစ်ကြောင်းတွေစုပေါင်းထားတဲ့ မဟာမိတ်တပ်ပေါင်းစုအဖွဲ့ဟာ မန္တလေးမြို့တွင်း လှည့်လည်ချီတက် ဆန္ဒပြခဲ့ကြပါတယ်။ ဒါအပြင် အောင်မြေသာစံ ကျောင်းပေါင်းစုံသပိတ်ကလည်း မန္တလေးမြို့တွင်း အခြား လူစည်ကားရာနေရာမှာ လမ်းလျှောက်သူ၊ ဆိုင်ကယ်တွေနဲ့ဝန်းရံသူတွေနဲ့အတူ ဆန္ဒပြချီတက်ခဲ့ကြပြီး ငါတို့ပြ​ည်သူ ငါတို့ပြန်ပေး၊ ငါတို့နိုင်ငံ ငါတို့ပြန်ပေး စတဲ့ ကြွေးကြော်သံတွေလည်း အော်ဟစ်တောင်းဆိုခဲ့ကြပါတယ်။ စစ်ကောင်စီဟာ မန္တလေးမြို့မှာလည်း အခြေခံပညာကျောင်းတွေ ဖွင့်ဖို့စီစဥ်ခဲ့ပေမယ့် ကျောင်းအပ်နှံသူ မရှိသလောက်နည်းပါးခဲ့ပါတယ်။ ထို့အပြင် မန္တလေးစျေးချိုတော်ကို စျေးပြန်မဖွင့်ရင် ဆိုင်ခန်းပြန်သိမ်းမယ်လို့ ဆိုင်ရှင်တွေကို ခြိမ်းခြောက်တဲ့အတွက် ယခုရက်ပိုင်း စျေးပြန်ဖွင့်ခဲ့ပေမယ့် ရောင်းသူဝယ်သူမရှိဘဲ ရှင်းလင်းနေတယ်လို့ စျေးချိုတော်ထဲက ဆိုင်ရှင်အချို့က ပြောပါတယ်။ မန္တလေးမှာ စစ်ကောင်စီတပ်တွေဟာ ယူနီဖောင်းနဲ့အပြင် အရပ်ဝတ်နဲ့ပါ သေနတ်ကိုင်ဆောင်လှည့်လည်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဓာတ်ပုံများ - Simulation ၊ CJ Credit: