
ကူးစက်နှုန်း ပြန်တက်လာတဲ့နောက် တရုတ်မှာ ယာယီ ဆေးရုံတစ်ခုကို ၅ ရက်အတွင်း အပြီးတည်ဆောက် ဇန်နဝါရီ-၁၇၊ ၂၀၂၁ ကပ်ရောဂါ ကူးစက်မှုတွေ ပြန်လည် မြင့်တက်လာတဲ့နောက် တရုတ် အစိုးရဟာ Covid-19 လူနာတွေကို ထားရှိဖို့အတွက် ယာယီဆေးရုံ အသစ်တစ်ခုကို ၅ ရက်အတွင်း အပြီး တည်ဆောက်ခဲ့ပါတယ်။ ဘေဂျင်းမြို့တော် တောင်ပိုင်းက နန်ဂွန်းမြို့မှာ ကုတင် ၁၅၀၀ ဆံ့တဲ့ အဲဒီဆေးရုံ တည်ဆောက်မှုဟာ ဇန်နဝါရီ ၁၆ ရက်မှာ ပြီးစီးသွားခဲ့ပြီ ဖြစ်ပါတယ်။ ဟီပေ ပြည်နယ်ထဲက နန်ဂွန်းမှာ အဲဒီ ဆေးရုံ အပါအဝင် ယာယီဆေးရုံ ၆ ခုထိ တည်ဆောက်သွားဖို့ စီစဉ်နေပြီး လာမယ့် သီတင်းပတ်မှာ အားလုံး ပြီးစီးမယ်လို့ ဆိုပါတယ်။ ယာယီ ဆေးရုံတွေ အားလုံးမှာ လူနာပေါင်း ၆၅၀၀ လောက်ကို လက်ခံ ကုသပေးသွားနိုင်မယ်လို့ ဆိုပါတယ်။ တရုတ်ဟာ Covid-19 ကပ်ရောဂါ ကူးစက်မှုတွေ အစပြုခဲ့တဲ့ နိုင်ငံဖြစ်ပေမယ့် ထိရောက် အားကောင်းတဲ့ အစီအမံတွေကို ကျင့်သုံးပြီး အခြေအနေကို နိုင်နိုင်နင်းနင်း ထိန်းချုပ်ပြနိုင်ခဲ့ပါတယ်။ ဒါပေမဲ့ အခုလထဲမှာတော့ ပြည်တွင်း ကူးစက်မှုတွေ ပြန်လည် များပြားလာတာကြောင့် လူပေါင်း သန်းနဲ့ချီပြီး အလုံးအရင်း ဆေးစစ်တာ၊ ယာယီဆေးရုံတွေ ပြန်လည် တည်ဆောက်တာတွေကို ချက်ချင်း တုံ့ပြန် ဆောင်ရွက်နေတာ ဖြစ်ပါတယ်။ အခုလိုမျိုး လူနာဦးရေ ထောင်နဲ့ချီ ဝင်ဆံ့တဲ့ ယာယီဆေးရုံတွေကို ရက်ပိုင်းအတွင်း အပြီး တည်ဆောက်တာမျိုးကို ပြီးခဲ့တဲ့ နှစ်ဆန်းပိုင်း၊ ကပ်ရောဂါ စတင် ကူးစက်တဲ့ ကာလတွေတုန်းကလည်း ဝူဟန်မြို့မှာ အကောင်အထည် ဖော်ခဲ့ဖူးပါတယ်။ တရုတ်ဟာ အခုဆိုရင် တစ်နေ့ကို ပြည်တွင်းကူးစက်သူ အရေအတွက် ၁၀၀ ကျော်ထိ များပြားနေပြီး အများစုက ဟီပေ ပြည်နယ်ထဲမှာ ဖြစ်ပါတယ်။ တရုတ် ကျန်းမာရေး ဝန်ကြီးဌာနက နေ့အလိုက် ထုတ်ပြန်တဲ့ လူနာစာရင်းဟာ ရောဂါ လက္ခဏာ ပြသသူတွေ အရေအတွက်သာ ဖြစ်ပြီး ဆေးစစ်ရလဒ် Positive ထွက်ပေမယ့် ရောဂါလက္ခဏာ လုံးဝ မပြသသူတွေကို ထည့်သွင်း ဖော်ပြမထားပါဘူး။ ဒါကြောင့်လည်း တကယ်တမ်း ကူးစက်ခံရသူ ဦးရေဟာ အစိုးရ ထုတ်ပြန်တဲ့ စာရင်းထက် ပိုများနေမယ့် အဓိပ်ပါယျ ဖြစ်ပါတယ်။ လတ်တလောမှာတော့ ပြည်တွင်း ကူးစက်မှုတွေ ပြန်လည် အစပြုလာရာ ရှူကျန်ယွမ်းမြို့ကို Lockdown ချထားပြီး လူပေါင်း ၁၀ သန်းလောက်ကို ဆေးစစ်ပေးနေတယ်လို့လည်း သိရှိရပါတယ်။ Credit: