No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

ရေစကြိုမြို့ ဇီးတောစံပြကျေးရွာအား စစ်ကောင်စီ ဝင်ရောက်ဖျက်ဆီးမှုတွေလုပ်တာကြောင့် ရွာလုံးကျွတ် ထွက်ပြေးနေရ ရေစကြို - ၂၀၂၁ ဇွန် ၉ (မော်ကွန်း) မကွေးတိုင်းဒေသကြီး၊ရေစကြိုမြို့နယ်၊ဇီးတောစံပြကျေးရွာကို စစ်ကောင်စီတပ်တွေ မကြာခဏ ဝင်ရောက်ဖျက်ဆီးမှုတွေ ပြုလုပ်နေလို့ ရွာလုံးကျွတ်တိမ်းရှောင်နေရကြောင်း ကျေးရွာ ဒေသခံတွေက ​ပြောပါတယ်။ ရွာရဲ့လူဦးရေ သုံးပုံနှစ်ပုံလောက်က စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ပြီး စစ်အုပ်စုသတင်းပေးတွေကြောင့် မေလအတွင်းက နှစ်ကြိမ်၊ ဇွန်လ ၇ ရက်နဲ့ ၈ ရက်နေ့တွေမှာလည်း စစ်ကောင်စီတပ်များက ဝင်ရောက်ဖျက်ဆီးမှုများ ပြုလုပ်ခဲ့ပါတယ်။ ဒီကနေ့မှာလည်း စစ်ကောင်စီတပ်တွေက နံနက်၁၀ နာရီခွဲလောက်စလို့ ကားငါးစီးလောက်နဲ့ ဝင်လာတာကြောင့် ရွာလုံးကျွတ် ထွက်ပြေးတိမ်းရှောင်နေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇီးတောစံပြကျေးရွာမှာ မေလ ၃၁ရက်နေ့က စစ်ကောင်စီခန့်တဲ့ ကျေးရွာအုပ်ချုပ်ရေးမှူး အိမ်မှာ လူတွေမရှိချိန် ဗုံး နှစ်လုံး ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပါတယ်။ ဇွန် ( ၇) ရက်နေ့ကလည်း ကျေးရွာရှိ အလယ်တန်းကျောင်း မီးလောင်ခဲ့ပါတယ်။ ဒလံလို့အများခေါ်ကြတဲ့ စစ်အုပ်စုသတင်းပေးတွေဟာ စစ်ကောင်စီကိုဆန့်ကျင်ဆန္ဒပြသူ ရွာသူရွာသားတွေရဲ့ နေအိမ်တွေကို ခဲတွေနဲ့ထုတာတွေလုပ်သလို ကျေးရွာစာသင်ကျောင်းမီးလောင်မှုနဲ့ပတ်သက်လို့ လူငယ်တွေလုပ်တဲ့အနေနဲ့ သတင်းပေးနေကြောင်း ရွာခံတွေက ပြောပါတယ်။ ရွာလုံးကျွတ်တိမ်းရှောင်နေရလို့ အစားအသောက်နဲ့ သောက်သုံးရေများ လိုအပ်နေတယ်လို့ တိမ်းရှောင်နေရတဲ့ ဒေသခံတွေက ပြောပါတယ်။ ဇီးတောစံပြကျေးရွာဟာ အိမ်ခြေ ၂၇၀၊ အိမ်ထောင်စု ၃၁၀၊ လူဦးရေ ၁၆၀၀ ခန့် ရှိတယ်လို့ သိရပါတယ်။ ဓာတ်ပုံ - CJ Credit: