
ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစားအိမ်ထောင်စု ထပ်တိုး သိန်း (၂၀) ကျော်အတွက် ငွေကျပ်ဘီလီယံ (၆၀) နီးပါး ထောက်ပံ့သွားမယ်လို့ ပြည်ထောင်စုဝန်ကြီး ဦးမင်းသူက ပြောပါတယ်။ ထပ်တိုးအိမ်ထောင်စု (၂၀၁၁၀၉၅) စုအတွက် ငွေကျပ် (၅၆.၀၇၆၆) ဘီလီယံကို ထပ်ထောက်ပံ့ပေးဖို့ အမျိုးသားအဆင့်ဗဟိုကော်မတီက ခွင့်ပြုပေးလိုက်တာလို့ ပြည်ထောင်စုဝန်ကြီးက သူရဲ့ Facebook Account မှာ ဒီနေ့ ဇန်နဝါရီလ (၂၃) ရက်နေ့ နေ့လည်ပိုင်းက ရေးသားထားတာဖြစ်ပါ။ CERP အရ ပုံမှန်ဝင်ငွေမရှိတဲ့ လူတန်းစားအိမ်ထောင်စုတွေအတွက် ထောက်ပံ့မှု (၄) ခါလုပ်ခဲ့ပြီး ထောက်ပံ့ကြေးရယူလိုတဲ့ အိမ်ထောင်စုတွေရဲ့ တိုင်ကြားချက်တွေအပေါ် စိစစ်ခဲ့ပြီးတဲ့နောက် အိမ်ထောင်စုတွေ ထပ်တိုးလာတာဖြစ်ပါတယ်။ ထောက်ပံ့တဲ့အခါ ပြသနာတွေမဖြစ်အောင်နဲ့ လိုအပ်တဲ့ အိမ်ထောင်စုတွေဆီ တကယ်ရောက်ဖို့ အဖွဲ့စနစ်နဲ့ လက်ခံမယ့်သူတွေဆီအရောက်ပေးပို့ဖို့လည်း ညွှန်ကြားထားတယ်လို့ သိရပါတယ်။ ကိုဗစ်ကာလ စီးပွားရေးထိခိုက်မှုသက်သာရေးစီမံချက် (CERP ) အရ ပုံမှန်ဝင်ငွေမရှိတဲ့ အခြေခံလူတန်းစား အိမ်ထောင်စုတွေအတွက် နိုင်ငံတော် ဘဏ္ဍာငွေကနေ ကျပ်(၅၆၈.၆၄)ဘီလီယံ သုံးစွဲခဲ့တယ်လို့ သိရပါတယ်။ Credit ; Omedia