No. SA-9, Aung Zay Ya Complex, Front of Sin Min Market, Alone

အသက် ၆၅ နှစ်အထက် အရွယ်တွေ AstraZenecaရဲ့ ကာကွယ်ဆေး မထိုးသင့်သေးဘူးလို့ ဂျာမနီ ညွှန်ကြား ဇန်နဝါရီ - ၂၉ ၊၂၀၂၁ AstraZeneca ကုမ္ပဏီက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အသက် ၆၅ နှစ်အထက် သက်ကြီးရွယ်အိုတွေမှာ လတ်တလော မထိုးနှံသင့်သေးကြောင်း ဂျာမနီအစိုးရ၊ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ ဂျာမနီရဲ့ Covid-19 ကာကွယ်ရေး ထိုးနှံမှု ကော်မရှင်က ဗြိတိန် ကုမ္ပဏီ AstraZenecaက ထုတ်လုပ်တဲ့ ကာကွယ်ဆေးကို အသက် ၆၅ နှစ်အထက် အရွယ်တွေမှာ ထိုးနှံပေးမှုကို လတ်တလော ဆိုင်းငံ့ထားစေမယ်လို့ ဆိုပါတယ်။ ဒီဆေးကို AstraZenecaနဲ့ Oxford တက္ကသိုလ်က ပညာရှင်တွေ ပူးပေါင်း တီထွင်ထားတာ ဖြစ်ပါတယ်။ AstraZenecaရဲ့ ကာကွယ်ဆေးကို သက်ကြီးပိုင်းတွေမှာ မထိုးသင့်ဘူးလို့ ယူဆထားတာဟာ အဲဒီ အသက်အရွယ်တွေအတွက် ဒီဆေးက ဘေးဥပါဒ် ဖြစ်စေတယ်ဆိုတဲ့ သဘောမျိုးကြောင့် မဟုတ်ပါဘူး။ ဆေးကို စမ်းသပ်တဲ့ အချိန်တုန်းက အသက်အရွယ် အုပ်စုတွေ ခွဲပြီး ထိရောက်မှု အတိုင်းအတာကို မှတ်တမ်းပြုစုရာမှာ အသက် ၆၅ နှစ်အထက် အရွယ်တွေအတွက် ဘယ်လောက် အာနိသင် ထက်မြက်နိုင်သလဲ ဆိုတာကို လုံလောက်တဲ့ အချက်အလက်တွေ မကောက်ယူရသေးတာကြောင့်လို့ ကော်မရှင်က ဆိုပါတယ်။ ဒီဆေးကို စမ်းသပ်ခဲ့တုန်းက အသက် ၆၅ နှစ်အထက် အရွယ်တွေ ပါဝင်ခဲ့တဲ့ အချိုးအစားက အတော်လေး နည်းပါးကြောင်း၊ ဒီတော့ အဲဒီလို သက်ကြီးပိုင်း အရွယ်တွေမှာ ဆေးရဲ့ ထိရောက်မှုနဲ့ လုံခြုံဘေးကင်းမှု အချက်အလက်တွေကို ကောက်ချက်ဆွဲဖို့ အဆင်မပြေကြောင်း၊ လောလောဆယ်တော့ ဒီဆေးကို အသက် ၁၈ နှစ်နဲ့ ၆၄ နှစ်ကြား အရွယ်တွေပဲ ထိုးနှံဖို့ ထောက်ခံလိုကြောင်း ကော်မရှင်က ကြေညာသွားပါတယ်။ ဂျာမနီဟာ အမေရိကန်က ထုတ်လုပ်တဲ့ ကာကွယ်ဆေးတွေကိုလည်း မှာယူ အသုံးပြုနေပါတယ်။ AstraZenecaဖက်ကတော့ သူတို့ရဲ့ လက်တွေ့ စမ်းသပ်မှု အချက်အလက်တွေကို ပြန်လည် ဆန်းစစ်တဲ့အခါ ဒီဆေးဟာ အသက် ၆၅ နှစ်အထက် အရွယ်တွေမှာလည်း ထိရောက်တဲ့ ရောဂါ ကာကွယ်နိုင်စွမ်းမျိုး ထောက်ပံ့ပေးနိုင်တာ တွေ့ရှိထားကြောင်း ကြေညာခဲ့ပါတယ်။ လတ်တလောမှာတော့ AstraZenecaဟာ မူလ သဘောတူထားတဲ့ နှုန်းအတိုင်း ကာကွယ်ဆေးတွေ မတင်ပို့နိုင်ဘဲ နှောင့်နှေးနေတဲ့အတွက် ဂျာမနီ အပါအဝင် ဥရောပ သမဂ္ဂ အဖွဲ့ဝင် နိုင်ငံတချို့နဲ့ ပြဿနာတချို့ ရှိနေပါတယ်။ ဥရောပ သမဂ္ဂဟာ AstraZenecaဆီက ကာကွယ်ဆေး အလုံးရေ သန်း ၃၀၀ နဲ့ လိုအပ်ရင် နောက်ထပ် သန်း ၁၀၀ ဖြည့်စွက် မှာယူဖို့ ကြိုတင် ညှိနှိုင်း သဘောတူထားကြောင်း သိရပါတယ်။ Crd