
မန္တလေးတိုင်းဒေသကြီးအတွင်းမှ SME လုပ်ငန်း ၁၁၄ ခုသည် ဖေဖော်ဝါရီလအတွင်း SME Member Card အသစ် ပြန်မလျှောက်ပါက စာရင်းမှ ပယ်ဖျက်သွားမည် ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေး ဦးစီးဌာနမှ သိရသည်။ မန္တလေးတိုင်းဒေသကြီးတွင် SME Member Card များ၏ သက်တမ်းကို ၂ နှစ် သတ်မှတ်ထားရာ ၂၀၁၈ခုနှစ် ဖေဖော်ဝါရီလ အတွင်းက Member Card ရရှိသော လုပ်ငန်းများအနက် လုပ်ငန်း ၁၁၄ ခုမှာ ၂၀၂၀ပြည့်နှစ် ဖေဖော်ဝါရီလအတွင်းက သက်တမ်း ၂ နှစ်ပြည့်ခဲ့ပြီး ဒဏ်ကြေးစောင့်ကာလ တစ်နှစ်သည်လည်း လာမည့် ဖေဖော်ဝါရီလတွင် ကုန်ဆုံးတော့မည်ဖြစ် ကြောင်း သိရသည်။ ထိုသို့ ဒဏ်ကြေးစောင့်ကာလအတွင်း Member Card များကို သတ်မှတ်နောက်ဆုံးလအတွင်း နောက်ဆုံးထားလျှောက် ထားရန်လိုအပ်ပြီး ဒဏ်ကြေးစောင့်ကာလအတွင်း ပြန်လည်လျှောက်ထားလာခြင်းမရှိပါက Member စာရင်းမှ ပယ်ဖျက်ရန် သတ်မှတ်ထားကြောင်း သိရသည်။ “လာမယ့် ဖေဖော်ဝါရီလအထိ သတ်မှတ်ပေးထားတာပေါ့နော်၊ အဲဒီအတွင်းမှ SME Member Card အသစ် ပြန်မလျှောက် ရင် Member စာရင်းကနေ ပယ်ဖျက်သွားမယ်၊ အခုထိတော့ သက်တမ်းကုန်လို့ ဒဏ်ကြေးစောင့်ကာလရောက်နေတဲ့ SMEလုပ်ငန်းအနေနဲ့ကတော့ ၁၁၄ ခုထိ ရှိတယ်၊ သူတို့အနေနဲ့ လျှောက်ထားလာရင်တော့ သတ်မှတ်ကာလကျော်လွန် သတ်မှတ်ဒဏ်ကြေးပေးသွင်းလျှောက်ထားရမှာပေါ့”ဟု မန္တလေးတိုင်းဒေသကြီး စက်မှုကြီးကြပ်ရေးနှင့်စစ်ဆေးရေးဦးစီး ဌာနမှ ညွှန်ကြားရေးမှုး ဦးမျိုးထွဋ်ဆွေက ပြောသည်။ မန္တလေးတိုင်းဒေသကြီးတွင် ၂၀၁၅-၁၆ ဘဏ္ဍာနှစ်မှ စတင်၍ SME စီးပွားရေးလုပ်ငန်းများအား SME Member ဝင်အဖြစ် မှတ်ပုံတင်ဆောင်ရွက်ပေးခဲ့ရာ လက်ရှိအချိန်ထိ SME Member အဖြစ် လျှောက်ထားသူ ၆၂၃၉ ဦးထိ ရှိကြောင်း၊ ထို့အပြင် စက်မှု၀န်ကြီးဌာန၏ တရား၀င်စာရင်းများအရ နိုင်ငံတစ်၀န်းလုံးမှ SME Member ဝင်ရောက်ပြီးသည့် လုပ်ငန်းအရေ အတွက် ၇၃၀၀၀ ကျော်ရှိ ကြောင်း သိရသည်။ နိုင်ထူး (သတင်း၊ ဓာတ်ပုံ) ပုံစာ - မန္တလေးမြို့မှ SMEလုပ်ငန်းတစ်ခု Credit: