
မြန်မာအရေးကို ကမ္ဘာကြီးက စောင့်ကြည့်နေ မြန်မာပြည်သူများအပေါ် အကြမ်းဖက်နေကြသူများကို ခိုင်မာသည့်အရေးယူမှုများ ဆက်လက်လုပ်ဆောင်သွားမည်ဟု အမေရိကန်ထုတ်ပြန် ဖေဖော်ဝါရီ ၂၂ ရက် မြန်မာပြည်သူများသည် ၎င်းတို့၏ အသံများ (တစ်ကမ္ဘာလုံးက) ကြားသိအောင်လုပ်ဆောင်နေပြိီး ကမ္ဘာကြီးကလည်း စောင့်ကြည့်နေကြောင်း သမ္မတဂျိုးဘိုင်ဒန်၏ ပြောစကားကို အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာနက ယနေ့(မြန်မာစံတော်ချိန်) ရေးသားဖော်ပြသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန၏ တရားဝင်ဖေ့စ်ဘွတ်စာမျက်နှာတွင် သမ္မတဂျိုးဘိုင်ဒန်၏ ဓာတ်ပုံနှင့်အတူ ဖေဖော်ဝါရီ ၁၀ ရက်က မြန်မာ့အရေးသီးသန့်မိန့်ခွန်းတွင် ထည့်သွင်းပြောကြားသည့် အထက်ပါစာသားကို လွှင့်တင်ဖော်ပြခြင်းဖြစ်သည်။ ထို့အပြင် ယနေ့နံနက်ပိုင်း ရန်ကုန်မြို့ရှိ အမေရိကန်သံရုံးက နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်၏ အောက်ပါပြောစကားကို ထုတ်ပြန်ထားသည်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလင်ကင်က "သူတို့ဒီမိုကရေစီ နည်းကျရွေးကောက်တင်မြှောက်ထားတဲ့အစိုးရကို အာဏာပြန်လည်အပ်နှင်းဖို့ တောင်းဆိုနေကြတဲ့ မြန်မာပြည်သူလူထုအပေါ် အကြမ်းဖက်မှုတိုက်ခိုက်မှု ကျူးလွန်နေကြသူတွေကို အမေရိကန်ပြည်ထောင်စုက ခိုင်မာတဲ့အရေးယူမှုတွေ ဆက်ပြီးလုပ်ဆောင်သွားမှာဖြစ်ပါတယ်။ မြန်မာပြည်သူလူထုနဲ့အတူ ကျွန်တော်တို့ရပ်တည်နေပါတယ်" ဟုပြောသည်။ Credit: