
"ကနီတွင် Milk Tea Alliance စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု၌ ဒေသခံ သိန်းချီပါဝင်" ကနီမြို့နယ်တွင် ယနေ့နံနက်ပိုင်းက Milk Tea Alliance စစ်အာဏာရှင် ဆန့်ကျင်ရေးလှုပ်ရှားမှု၌ ဒေသခံပြည်သူ သိန်းနှင့်ချီပါဝင်ခဲ့ပြီး ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်ခဲ့သည်။ ကနီမြို့ရှိ CDM လုပ်ဆောင်နေသော ပြည်သူ့ဝန်ထမ်းများ၊တောင်သူလယ်သမားများ၊ကျောင်းသားကျောင်းသူများ၊လူငယ်အဖွဲ့အစည်းများ၊ ဈေးသူဈေးသားများ ၊ဒေသခံပြည်သူများပူးပေါင်း၍ စစ်အာဏာရှင်ပြုတ်ချရေး၊ အမေစုနှင့် သမ္မတကြီး ချက်ချင်းလွှတ်၊ ၂၀၂၀ ရွေးကောက်ပွဲရလဒ်အတည်ပြုပေး၊ပြည်သူ့အာဏာ ပြည်သူ့ပြန်ပေး၊ဒီမိုကရေစီရှင်သန်ရေး ပြည်သူအားလုံးပါဝင်ပေး၊ရုံးမတက်နဲ့ ရုန်းထွက် စသည့် ကြွေးကြော်သံများဖြင့် ငြိမ်းချမ်းစွာတောင်းဆိုခဲ့သည်။ ဆန္ဒပြပွဲပါဝင်ခဲ့သော တောင်သူတစ်ဦးက' မြေသိမ်းယာသိမ်း စစ်အာဏာရှင် လက်အောက်ပြန်မရောက်ချင်လို့ လမ်းပေါ်တက်ပြီး တောင်းဆိုနေတာ။ ပြည်သူကို နည်းမျိုးစုံနဲ့အကြမ်းဖက်နှိပ်စက်၊ အာဏာရှင် လူတစ်စု ကောင်းစားရေးအတွက် ကာကွယ်ပေးနေတဲ့ တပ်နဲ့ရဲကိုလည်း အလိုမရှိဘူး။ အဓမ္မပြုကျင့်တဲ့ အာဏာရှင် အမြန်ကျဆုံးပါစေ။'ဟု ပြောသည်။ ယနေ့နံနက်ပိုင်းက ကနီမြို့နယ်လုံးကျွတ် ပြည်သူ့သပိတ် စစ်ကြောင်းတွင် မြို့ပေါ်မှ ဈေးဆိုင်၊စားသောက်ဆိုင်နှင့် ပွဲရုံများပိတ်ကာ ပြည်သူနှင့်အတူ ပူးပေါင်းပါဝင်ခဲ့သည်။ ဓါတ်ပုံ-ပြည့်အောင်နိုင် Credit: